- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
မောင်တောတွင် စစ်ရှောင်များ ခိုလှုံနေသည့်နေရာ ဗုံးကြဲခံရ
မောင်တောမြို့နယ်၊ ပြားသားကျေးရွာကို နိုဝင်ဘာ ၃ ရက်နေ့တွင် လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမတစ်ကြိမ်တွင် ရွာပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒုတိယတစ်ကြိမ်တွင် ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
03 Nov 2024
DMG ၊ နိုဝင်ဘာ ၃
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ၍ စစ်ဘေးရှောင် ၄ ဦး သေဆုံးပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် ၂ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။
မောင်တောမြို့နယ်၊ ပြားသားကျေးရွာကို နိုဝင်ဘာ ၃ ရက် ည ၇ နာရီတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီး ပထမတစ်ကြိမ်တွင် ရွာပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒုတိယတစ်ကြိမ်တွင် ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းကြောင့် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး ကျောင်းထိုင်ဆရာတော်နှင့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။
“ဗုံးက စုစုပေါင်းငါးလုံးကြဲတာ။ ရွာပြင်နဲ့ ဘုန်းကြီးကျောင်းမှာ ကျတယ်။ စစ်ဘေးရှောင် ၄ ယောက်သေပြီး ကျောင်းက ဆရာတော်နဲ့ စစ်ဘေးရှောင်တစ်ယောက် ဒဏ်ရာရသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဗုံးကြဲမှုအတွင်း အသက် (၅၇)နှစ်အရွယ် ဦးရွှေကျော်၊ အသက် (၆၄)နှစ်အရွယ် ဒေါ်မစိုးရီ၊ မောင်ထွန်းထွန်းဝင်း (၁၇)နှစ်နှင့် ဦးမောင်သန်း (၆၄)နှစ်တို့ သေဆုံးခဲ့ပြီး ကျောင်းထိုင်ဆရာတော် အရှင် တေဇောဘာသ သက်တော်(၇၂)နှစ်နှင့် ဦးထွန်းထွန်းနိုင် (၄၇)နှစ်တို့ ဒဏ်ရာရရှိသွားခဲ့သည်။
သေဆုံးဒဏ်ရာရရှိသွားသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲကြောင့် မောင်တောမြို့မှ ထွက်ပြေးကာ ပြားသားကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသူများဖြစ်သည်။
မောင်တောမြို့နယ်အတွင်း အရပ်သားနေထိုင်ရာနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေ၍ အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေပြီး အောက်တိုဘာလအတွင်း အရပ်သား ၃၆ ဦးအထိ ထိခိုက်သေဆုံးခဲ့သည်ဟု DMG စာရင်းအရသိရသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် လုံခြုံမှုကင်းမဲ့လာသဖြင့် ဒေသခံများအပြင် စစ်ဘေးရှောင်များမှာ မကြာခဏ နေရာရွှေ့လျားပြီး ပြောင်းရွှေ့နေထိုင်နေကြရသည်။
“အသက်တစ်ချောင်း ရှင်သန်ဖို့ လုံခြုံမဲ့နေရာတွေကို ပြေးလွှားနေကြရတယ်။ ကျနော်ဒေသခံတွေမှာ နေ့ရောညပါ ကောင်းကောင်း မနေထိုင်ရဘူး” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် နေအိမ်အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများ၊ စစ်ဘေးရှောင်များ ခိုလှုံနေကြရသည့် နေရာများကိုပါ ပစ်ခတ်မှတ်ထားတိုက်ခိုက်နေ၍ အစုလိုက်အပြုံလိုက် သေဆုံးနေကြရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း စစ်ဘေးရှောင်များခိုလှုံနေကြသည့် သံတွဲမြို့ရှိ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရသည်။
“စစ်ကောင်စီက စစ်ဘက်၊ အရပ်ဖက်မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်။ အခုလို စစ်ဘေးရှောင်တွေ နေထိုင်ရာတွေပါ ဗုံးကြဲတိုက်ခိုက်တာက လူသားမျိုးနွယ် အပေါ်မှာ ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်။ ကျနော်တို့က စစ်တပ်ရဲ့အလုပ်ရပ်တွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
DMG က စာရင်းပြုစုထားချက်အရ ရခိုင်တွင် အောင်တိုဘာတစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိသူ ၁၈၀ အထိရှိခဲ့သည်။