တိုက်ပွဲ တစ်နှစ်တာကာလ စစ်ကောင်စီလက်ချက်ကြောင့် အဆောက်အအုံ ၁၅၀ ကျော်ပျက်စီး
ပျက်စီးသွားသည့် အဆောက်အအုံများမှာ တက္ကသိုလ်ကျောင်းဆောင်၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံများအပြင် ဈေများပါဝင်ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်ပျက်စီး သွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်ထုတ်ပြန်ချက်တွင်ပါရှိသည်။
14 Nov 2024
DMG ၊ နိုဝင်ဘာ ၁၄
ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုတစ်နှစ်တာကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အဆောက်အအုံ ပေါင်း ၁၅၃ ခုအထိ ပျက်စီးသွားခဲ့သည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်သည်။
ပျက်စီးသွားသည့် အဆောက်အအုံများမှာ တက္ကသိုလ်ကျောင်းဆောင်၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံများအပြင် ဈေများပါဝင်ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်ပျက်စီး သွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းအထဲတွင် ဆေးရုံ ၁၂ လုံး၊ စာသင်ကျောင်း ၃၀ ကျောင်း၊ ဘုန်းကြီးကျောင်း ၇၀ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း၊ ဗလီ ၂ လုံး၊ ဈေး ၂၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခု ပျက်စီးသွားခြင်း ဖြစ်သည်။
“ပြည်သူပိုင်အဆောက်အအုံတွေနဲ့ အများယုံကြည်ရာ သာသနိကအဆောက်အအုံတွေကို ဖျက်ဆီးတယ်ဆိုတာက စစ်ကောင်စီအတွက် ကမ္ဘာအလယ်မှာ အရှက်ရစရာဖြစ်တဲ့အပြင် ဂုဏ်သိက္ခာဆိုတာလည်းမရှိတော့ဘူး” ဟု ကျောက်တော်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီဖျက်ဆီးခဲ့သည့် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်းစသည့် သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများမှာ စစ်ဘေးရှောင်များ ခိုလှုံနေကြထိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှုများစွာရှိခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်တွင် ဘူးသီးတောင်မြို့ပေါ်ရှိ မြစိမ်းရောင်ဘုရားကျောင်းနှင့် လမ်းမဘုန်းကြီးကျောင်းကို စစ် ကောင်စီက လေကြောင်းပစ်ခတ်ခဲ့၍ သံဃာတော်တစ်ပါး အပါအဝင် အရပ်သား ၅ ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် နိုဝင်ဘာ ၂ ရက်တွင်လည်း မောင်တောမြို့နယ်၊ ပြားသားကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် ၄ ဦးသေဆုံးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ၂ ဦးဒဏ်ရာရရှိကာ ကျောင်းဆောင်ပျက်စီးသွားခဲ့သည်။
“ဒီလို ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်တော့ အဲဒီမှာ ခိုလှုံလေ့ရှိ တဲ့ စစ်ရှောင်တွေလည်း အများကြီးထိခိုက်ကြတယ်။ စစ်ကောင်စီလုပ်နေတာက အများပိုင်အဆောက်အ အုံတွေကို တိုက်ခိုက်တယ်။ အရပ်သားတွေကိုပဲ ပစ်မှတ်ထားပြီး ဂျီနီဗာကွန်ဗင်းရှင်းချိုးဖောက်မြဲချိုးဖောက်နေ တယ်” ဟု ရမ်းဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်စစ်မျက်နှာတွင် ရှုံးမဲမဲနေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ အဆောက်အအုံများကို အဓိက လေကြောင်းအသုံးပြုကာ ပစ်မှတ်ထားတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေဆဲဖြစ်သည်။