- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီအပေါ် နိုင်ငံတကာပိတ်ဆို့ထားမှုကို နိုင်ငံရေးပါတီများ ရှုတ်ချ
မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာက ပိတ်ဆို့မှုများအား အမြန်ဆုံးရုပ်သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ (၂၅) ပါတီက ထုတ်ပြန်လိုက်သည်။
29 May 2024
DMG ၊ မေ ၂၉
မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာက ပိတ်ဆို့မှုများအား အမြန်ဆုံးရုပ်သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ (၂၅) ပါတီက ထုတ်ပြန်လိုက်သည်။
အာဏာသိမ်းမှုအကျိုးဆက်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက စစ်ကောင်စီအပေါ်တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို ပိတ်ခြင်း၊ စစ်ကောင်စီနှင့် ထောက်ပံ့ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်း၊ ငွေလွှဲပြောင်းမှုများကို တားမြစ်ပိတ်ပင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့မှုများကို ကန့်သတ်တားမြစ်ခြင်း၊ ခရီးသွားလာခွင့်များ ပိတ်ထားခြင်းတို့ လုပ်ဆောင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာကို ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်တွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီးတွင် သဘောတူ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ကမ္ဘာ့နိုင်ငံများကလည်း အကျိုးသက်ရောက်မှု အခြေအနေမှန်ကိုစဉ်းစား၍ ဝိုင်းဝန်းကူညီပေးကြရန်၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်ရပ်များအား မိမိတို့ နိုင်ငံရေးပါတီများအားလုံးက လုံးဝ (လုံးဝ) လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း” ၂၅ ပါတီက ဆိုသည်။
ယင်းအထဲတွင်စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားသည့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ တို့ပါဝင်သည်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်က ပါတီ ၆ ခု မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည့်အထဲတွင် ရခိုင်အမျိုးသားပါတီမှလွဲ၍ ကျန်ပါတီများမှာ မှတ်ပုံတင်ခွင့်ရထားပြီးဖြစ်သည်။
ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုတိယဉက္ကဌ ဦးဦးသန်းဌေးက “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြေပြင်မှာခံရတာက အဓိက ပြည်သူတွေဖြစ်တယ်။ နိုင်ငံတကာက ဒီလိုပိတ်ဆို့ထားမှုတွေကို မကြိုက်တဲ့အတွက် ဒီလိုထုတ်ပြန်ရတာ။ ကျနော်တို့က ပြည်သူအကျိုးစီးပွားရေးအတွက် လုပ်နေတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေကိုယ်စား ပိတ်ဆို့မှုတွေကို ရပ်တန့်ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်” ဟု DMG ကို ပြောသည်။
နိုင်ငံတစ်နိုင်ငံကို ရွေးထုတ်ဖိအားပေးခြင်းမှာ ပြည်သူတစ်ရပ်လုံး အနာဂတ်ဘဝ ငြိမ်းချမ်းသာယာမှုအား ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း Article 7 ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Justice For Myanmar (JFM) အဖွဲ့၏ ၂၀၂၄ ဖေဖော်ဝါရီလ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနှင့် ကုမ္ပဏီ ၇၅ ခုကို အမေရိကန်၊ ဗြိတိန်၊ ဉရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့က ပိတ်ဆို့အရေးယူခဲ့ကြောင်း သိရသည်။