ပေါက်တောမြို့နယ် ကျေးရွာ ၁၀ ခန့်မှ ဒေသခံများ ထပ်မံ နေရပ်စွန့်ခွာ

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေသဖြင့် ပေါက်တောမြို့နယ်မှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။ 

By Admin 25 Jan 2025

ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က ပေါက်တောမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က ပေါက်တောမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဇန်နဝါရီ ၂၅ 

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ကျေးရွာ ၁၀ ခန့်မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ 

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေသဖြင့် ပေါက်တောမြို့နယ်မှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။ 

“ပေါက်တော တိုက်ပွဲတုန်းက (စစ်တွေ) ရွှေမင်းဂံက ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ကျမတို့ရွာကို လာကျတယ်။ အခုလည်း စစ်တွေကနေ လက်နက်ကြီးတွေ လှမ်းပစ်နေတာရှိတယ်။ အခု စစ်တွေမြို့နယ်ဖက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စိုးရိမ်ပြီးတော့ စစ်ဘေးရှောင်နေကြတာ”ဟု လက်ပံပြားကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းက လက်ပံပြားကျေးရွာကို စစ်တွေအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးသွားခဲ့သည်။

လက်ရှိတွင် ပေါက်တောမြို့နယ်၊ တောင်ရင်းကျွန်းရှိ သဝင်ချောင်း၊ ကြိမ်ခွေမော်၊ မနော်သီရိ၊ လက်ပံပြား၊ မြေငူကျွန်းရှိ ဂြင်းချောင်း၊ ချောင်းဝ၊ မင်းတဲ၊ ယာတိုက်ကျေးရွာမှ ဒေသခံများမှာ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။ 

တောင်ရင်းကျွန်းရှိ ဒေသခံများမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းနှင့် မြေငူကျွန်းရှိ ဒေသခံများမှာ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်သူဦးရေ ထောင်နှင့်ချီအထိ ရှိလာနေသည်။ 

"အေအေကလည်း ရွာမှာ မနေကြတော့ဖို့ ပြောလာတယ်။ အဲဒါကြောင့် ရွာကလူတွေ ရှောင်နေကြရတာ။ သက်ကြီးပိုင်းတွေကိုတောင် ရွာမှာမထားဖို့ပြောလို့ ထမ်းပိုးပြီးတော့ ယူသွားကြရတယ်" ဟု ဂြင်းချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်နေကြသည့် ကျေးရွာများမှ ဒေသခံများမှာ ပေါက်တောတိုက်ပွဲကာလကလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်သည်။ 

“အခုလည်း နောက်တစ်ခေါက် စစ်ဘေးရှောင်ရတော့ စားဝတ်နေရေးတွေက အခက်အခဲရှိတာပေါ့။ တစ်နေရာနဲ့ တစ်နေရာ ရွှေ့ပြောင်းစရိတ်ကလည်း မလွယ်ဘူးလေ။ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေရတာနဲ့ ဘယ်တူမလဲ” ဟု မနော်သီရိကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တွေမြို့နှင့် ၁၆ မိုင်ခန့်သာ ကွာဝေးသည့် ပေါက်တောမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိလာပြီးနောက် စစ်ကောင်စီသည် ပေါက်တောမြို့နယ်ကို လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ရှိလာနေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ် မလုံခြုံမှုများနှင့် ကြုံတွေ့နေရသည်။ 

“ဘာစစ်ပွဲမှမဖြစ်ဘဲတောင် ကျမတို့ ကျွန်းကို စစ်ကောင်စီက ဗုံးလာကြဲတယ်။ လက်နက်ကြီး လှမ်းပစ်တာတွေလုပ်နေတယ်” မြေငူကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခန့်က ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွား ခဲ့သည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်အင်အား ဖြည့်တင်းမှုများရှိနေသည်။ 

စစ်ကောင်စီသည် စစ်တွေမြို့နယ်အစပ်ရှိ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ နေရပ်စွန့်ခွာသူဦးရေမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။