ရမ်းဗြဲဆေးရုံတွင် ဝန်ထမ်းမလုံလောက်၍ ဒေသခံများအခက်အခဲဖြစ်နေ
လူဦးရေတစ်သိန်းခန့် နေထိုင်သော ရမ်းဗြဲမြို့တွင် ခွဲစိတ်ဆရာဝန်တစ်ဦး၊ သွားဆရာဝန် ၂ ဦးနှင့် သူနာပြု စုစုပေါင်း၂၅ ဦးရှိပြီး မြို့ပြဆေးရုံတစ်ခုနေဖြင့် ဆရာဝန်အင်အား အလွန်နည်းနေကြောင်း ဒေသခံများက ပြောသည်။
21 Jul 2023
DMG ၊ ဇူလိုင် ၂၁
ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ကုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းလုံလောက်မှု မရှိသောကြောင့် ခွဲစိတ်ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အခက်အခဲများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လူဦးရေတစ်သိန်းခန့် နေထိုင်သော ရမ်းဗြဲမြို့တွင် ခွဲစိတ်ဆရာဝန်တစ်ဦး၊ သွားဆရာဝန် ၂ ဦးနှင့် သူနာပြု စုစုပေါင်း၂၅ ဦးရှိပြီး မြို့ပြဆေးရုံတစ်ခုနေဖြင့် ဆရာဝန်အင်အား အလွန်နည်းနေကြောင်း ဒေသခံများက ပြောသည်။
“ဆေးရုံမှာ ဆရာဝန်တစ်ယောက်ပဲရှိတယ်။ လက်ထောက်ဆရာဝန် မရှိဘူး။ ဆရာဝန်ကြီးကတော့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပေးတယ်။ ကုတင် ၅၀ ဆံ့ဆေးရုံတစ်ရုံရဲ့ ဖွဲ့စည်းပုံအရ ဆရာဝန်လုံလောက်မှုမရှိဘူး” ဟု ရမ္မာဝတီသွေးလှူရှင်အသင်း ဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။
ကုတင် ၅၀ ဆံ့ ဆေးရုံဖွဲ့စည်းပုံတွင် မြို့နယ်ကုသရေးတာဝန်ခံ ဆရာဝန် (၁) ဦး၊ လက်ထောက်ဆရာဝန် (၅) ဦး၊ စုစုပေါင်း ဆရာဝန် ခွင့်ပြုမိန့်အင်အား (၆) ဦးဟု ဖော်ပြထားသော်လည်း ရမ်းဗြဲဆေးရုံတွင် ဆရာဝန်တစ်ဦးတည်းသာရှိ၍ အရေးပေါ်လူနာများ ခွဲစိတ်ကုသမည့်အချိန်တွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။
“ကျမတို့ ရမ်းဗြဲဒေသခံတွေက ရမ်းဗြဲပြည်သူ့ဆေးရုံကို အားကိုးအားထားရတဲ့ ဆေးရုံတစ်ခုဖြစ်စေချင်တာ။ အခု ဆေးရုံမှာ ဆရာဝန်တစ်ယောက်တည်းနဲ့ အဆင်မပြေဘူး” ရမ်းဗြဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲကြုံနေရသဖြင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ထပ်မံချထားပေးရန် ဒေသခံများက လိုလားနေကြပြီး ပြည်နယ်စစ်ကောင်စီထံ တင်ပြတောင်းဆိုထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း သိရသည်။
“ကလေးခွဲမွေးတာတွေ အပါအဝင် ခွဲစိတ်လူနာကတော့ နေ့တိုင်းနီးပါးရှိတယ်။ အခက်အခဲရှိတာက အရေးကြုံလို့ ဆေးရုံကိုတန်းသွားလို့ ဆရာဝန်နဲ့မတွေ့တာပဲ။ ကျန်တဲ့ဝန်ထမ်းတွေက ဆုံးဖြတ်ချက်တစ်ခုကို မချပေးနိုင်တဲ့အခါ ပြည်သူတွေမှာ နစ်နာတာတွေရှိတယ်” ဟု ရမ်းဗြဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရမ်းဗြဲဆေးရုံကို မြို့ပေါ်ကျေးလက်မကျန် ဒေသခံများအားလုံးက အားဓိက အားထားနေရခြင်းဖြစ်၍ အရေးပေါ်လူနာ များပြားချိန်တွင် ဆရာဝန်တစ်ဦးတည်းနှင့် လိုက်မမီနိုင်သဖြင့် ဒေသခံများမှာ ကျောက်ဖြူမြို့သို့ သွားရောက်ပြီး ဆေးကုသရမှုများလည်း ရှိနေသည်။
ရမ်းဗြဲဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဆရာဝန်မလုံလောက်လို့ အခက်အခဲတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဆေးရုံကသူနာပြုတွေကတော့ အတတ်နိုင်ဆုံးကြိုးစားပြီး အလုပ်လုပ်ကြတာပဲ။ ဆရာဝန်က တစ်ယောက်တည်းဆိုတော့ သူ့အတွက်လည်း နားချိန်လေးတွေလိုတယ်လေ” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က “ရမ်းဗြဲမှာက တိုက်နယ်ဆရာဝန်တွေတော့ ရှိတယ်။ ဆရာဝန် တစ်ယောက်တည်းကတော့ ရမ်းဗြဲတစ်ခုတည်းတော့ မဟုတ်ဘူး၊ တခြားမြို့နယ်ဆေးရုံတွေမှာလည်း ဆရာဝန်တစ်ယောက်တည်း များပါတယ်။ ကျနော်တို့ ပြည်ထောင်စုကို တင်ပြထားတာတော့ရှိပါတယ်။ ချပေးတာတော့မရှိသေးဘူး” ဟု ပြောသည်။
ရခိုင်ပြည်တွင် တိုက်နယ်ဆေးရုံ ၅၃ ခုရှိသည့်အနက် တိုက်နယ်ဆေးရုံ ၂၃ ခုတွင် ဆရာဝန် ချမထားနိုင်သေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဂွနှင့် သံတွဲကလွဲ၍ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ မြို့နယ်များရှိ ဆေးရုံအချို့တွင် ဆရာဝန် မလုံလောက်မှုများ ရှိနေသည်။
ရခိုင်တပြည်လုံးရှိ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း အရေအတွက်ကို သိရှိနိုင်ရန် DMG က ကြိုးပမ်းနေသည်။
၂၀၁၈ ခုနှစ် စာရင်းများအရ ရခိုင်ပြည်ရှိ ဆေးရုံပေါင်း ၇၀ တွင် – ကုတင် ၅၀၀ ဆံ့ဆေးရုံ ၁ ခု၊ ကုတင် ၂၀၀ ဆံ့ ၁ ခု၊ ကုတင် ၁၀၀ ဆံ့ ၄ ခု၊ ကုတင် ၅၀ ဆံ့ ၈ ခု၊ ကုတင် ၂၅ ဆံ့ ၄ ခုနှင့် ၁၆ ကုတင်ဆံ့နှင့် တိုက်နယ် ၅၂ ခုရှိပြီး ကျေးလက်ကျန်းမာရေးဌာန ၁၀၀ ခုနှင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ၅၆၀ ခုရှိသည်။
တစ်ပြည်လုံးတွင် ဆရာဝန် ၈၁၆ ယောက် ခန့်ထားရမည်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်ထိ ဆရာဝန် ၂၃၆ ဦးသာ ခန့်ထားနိုင်ခဲ့သည်။
#I010