စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပို့မည်ဟု ညီနောင်သုံးဖွဲ့ပြော

စစ်ကောင်စီက ၎င်းတို့ဆုံးရှုံး‌လိုက်ရသောနေရာများကို ပြန်တိုက်မည်ဟု ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသ၊ ကရန်နီ၊ ရခိုင် စသည့်နေရာများတွင် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ရှိနေပြီး အရပ်သား သေဆုံးဒဏ်ရာရမှုလည်း များပြားလာနေသည်။

By Admin 11 Sep 2024

မြန်မာနိုင်ငံက ဝယ်ယူထားသည့် ရုရှားနိုင်ငံလုပ် Yakovlev Yak-130 Mitten အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျံသန်းနေစဉ်။ (ဓာတ်ပုံ - www.imgmob.ne)
မြန်မာနိုင်ငံက ဝယ်ယူထားသည့် ရုရှားနိုင်ငံလုပ် Yakovlev Yak-130 Mitten အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျံသန်းနေစဉ်။ (ဓာတ်ပုံ - www.imgmob.ne)

DMG ၊ စက်တင်ဘာ ၁၁ 

မြန်မာနိုင်ငံအနှံ့ စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် နေရာများကို အကြမ်းဖက်တိုက်ခိုက်မှု၊ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်နေ၍ ကိုယ်ဝန်ဆောင်၊ ကလေးငယ်နှင့် အရပ်သားအများအပြား နေ့စဉ်နှင့်အမျှ သေဆုံးမှုရှိလာနေသည်။  

ယင်းလုပ်ရပ်များမှာ စစ်ကောင်စီက လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်များဖြစ်သဖြင့် အဆိုပါ မှတ်တမ်းများအား အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့(AA၊ MNDAA၊ TNLA)က စက်တင်ဘာ ၁၀ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

“အာဏာလက်လွှတ်ရန် နီးကပ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကို မှတ်တမ်းတင်ရှိထားပြီး အိမ်နီးနားချင်းနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီက ၎င်းတို့ဆုံးရှုံး‌လိုက်ရသောနေရာများကို ပြန်တိုက်မည်ဟု ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသ၊ ကရန်နီ၊ ရခိုင် စသည့်နေရာများတွင် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ရှိနေပြီး အရပ်သား သေဆုံးဒဏ်ရာရမှုလည်း များပြားလာနေသည်။

တော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ထားသောနေရာများတွင် လေယာဉ်အချက်ပေးကိရိယာ တပ်ဆင်ခြင်းနှင့် လေယာဉ်ပစ်လက်နက်များရှိမှသာ ပြည်သူများ လေကြောင်းအန္တရာယ် ကင်းဝေးမည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။ 

“(မှတ်တမ်းတွေကို) အာဆီယံကို ပို့လို့ရမယ်။ ကုလသမဂ္ဂကို ပို့လို့ရတယ်။ ဒီလိုပို့တဲ့အခါ နိုင်ငံတကာအနေနဲ့ ဒီအတိုင်းပဲ ထိုင်ကြည့်နေမလား။ တစ်စုံတစ်ရာ ပြည်သူတွေရဲ့ လုံခြုံမှုတွေ ရှိလာမလား ဆိုတာကို စောင့်ကြည့်ရမှာ” ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ၎င်းတို့စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို ယခုရက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းအား ဆက်တိုက်လုပ်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မောင်တောနှင့် ပေါက်တောမြို့နယ်ရှိ AA အကျဉ်းစခန်းများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၅၇ ဦးနှင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။ 

စက်တင်ဘာ ၆ ရက်ကလည်း ရှမ်းမြောက်ဒေသ TNLAထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့ကို လေကြောင်းဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးအပါအဝင် မြို့ခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

ဦးသန်းစိုးနိုင်က “အရပ်သားတွေကို ဘယ်သူ့ကိုထိထိ အကုန်လုံးကို ပစ်ခတ်တိုက်ခိုက်နေတာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျူးလွန်မှုမှာတော့ အမြင့်ဆုံးလုပ်ရပ်တွေကို စစ်ကောင်စီက လုပ်လာတဲ့အတွက် နိုင်ငံတကာကနေ တစ်စုံတစ်ရာ စောင့်ကြည့်အရေးယူမှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့” ဟု ဆက်ပြောသည်။ 

စစ်ကောင်စီက ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီအပေါ် လူထုဆန့်ကျင်မှု ပိုများလာမည့်အပြင် တော်လှန်ရေးအရှိန်အဟုန်လည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပြောဆိုကြသည်။ 

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ဖြစ်စဉ်များအတွင်း သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ညီနောင်သုံးဖွဲ့က အလေးအနက် တိုက်တွန်းထားသည်။