- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ရခိုင်တွင် စစ်ကောင်စီ လက်ချက်ကြောင့် တစ်လအတွင်း အရပ်သား ၁၈၀ ခန့် ထိခိုက်သေဆုံး
အရပ်သားထိခိုက်သေဆုံးမှုထဲတွင် အမ်း၊ တောင်ကုတ်၊ မောင်တော၊ ကျောက်တော်မြို့နယ်တို့တွင် အများဆုံးဖြစ်ပြီး လေကြောင်းဗုံးကြဲခံရမှုကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်စဉ်မှာ အများဆုံးဖြစ်သည်။
01 Nov 2024
DMG ၊ နိုဝင်ဘာ ၁
ရခိုင်ပြည်တွင် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်နေ့အထိ တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၆၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁၅ ဦး ထိရှိကြောင်း DMG က ကောက်ယူထားသည့် စာရင်းအရ သိရသည်။
သေဆုံးသူများထဲတွင် တောင်ကုတ် ၂၉ ဦး၊ မောင်တော ၇ ဦး ၊ ကျောက်တော် ၇ ဦး ၊ အမ်း ၁၃ ဦး ၊ ဂွ ၈ ဦးနှင့် သံတွဲ ၁ ဦးတို့ဖြစ်သည်။ ဒဏ်ရာရရှိသူများထဲတွင် တောင်ကုတ် ၂၈ ဦး ၊ မောင်တော ၂၄ ဦး၊ ကျောက်တော် ၂၄ ဦး ၊ အမ်း ၂၆ ဦး ၊ ဂွ ၈ ဦး ၊ ပေါက်တော ၁ ဦးနှင့် သံတွဲ ၄ ဦးတို့ဖြစ်သည်။
အဆိုပါအရေအတွက်မှာ DMG မှ ကောက်ယူရရှိထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။
အရပ်သားသေဆုံးမှုထဲတွင် အမ်း၊ တောင်ကုတ်၊ မောင်တော၊ ကျောက်တော်မြို့နယ်တို့တွင် အများဆုံးဖြစ်ပြီး လေကြောင်းဗုံးကြဲခံရမှုကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်စဉ်မှာ အများဆုံးဖြစ်သည်။
" လေယာဉ်လာပြီဆိုရင် ကြောက်လန့်နေရတယ်။ လုံခြုံမှု မရှိဘူး" ဟု စစ်တွေမြို့နယ်မှ စစ်ဘေးရှောင် မအေးမြတ်သော်တာက ပြောသည်။
အောက်တိုဘာ ၂၉ ရက်က အမ်းမြို့တွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၁၈ ဦး ထက်မနည်း လူအစုလိုက်အပြုံလိုက် ဒဏ်ရာရရှိခဲ့သည်။
အလားတူ အောက်တိုဘာ ၃၀ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုး ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလအတွင်း ထိခိုက်သေဆုံးမှုများထဲတွင် အမျိုးသမီး ၆၀ နီးပါးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၀ နီးပါး ပါဝင်သည်။
လက်ရှိ ရခိုင်ဒေသခံများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို အဓိက စိုးရိမ်ကြောက်လန့်နေရသည်ဟု ပြောဆိုကြသည်။
" ကျမ ကိုယ့်သားသမီးတွေကို လုံခြုံတဲ့နေရာမှာပဲ ထားချင်တယ်။ ကိုယ့်မျက်စိ အောက်မှာနေပြီး သားသမီးတွေ အန္တရာယ်တစ်ခုခု ကျရောက်တာကို မြင်ရမှာလည်း အရမ်းကြောက်တယ်" ဟု ရခိုင်ဒေသခံ ဒေါ်နုနုသန်းက ပြောသည်။
စစ်ကောင်စီသည် အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်ပြုလုပ်နေ အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရခိုင်တွင် အရပ်သားထိခိုက်သေဆုံးသူ ၈၅ ဦး ရှိခဲ့ပြီး အောက်တိုဘာလတွင် အရပ်သား ထိခိုက်သေဆုံးသူ ၁၈၀ ဦးအထိ မြင့်တက်လာနေခြင်းဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် ပြဌာန်းထားသည်။
သို့သော်လည်း စစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာများကို လေကြောင်း၊ လက်နက်ကြီးတို့ ဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများမှာ မိမိ လုံခြုံရေးကိုသာ အထူးသတိထားပြီးနေထိုင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
ရခိုင်က လူမှုရေးလှုပ်ရှားသူတစ်ဦးက " စစ်ကောင်စီဟာ AA ကို တိုက်လို့မနိုင်တော့ ပြည်သူတွေကို ရှုံးမဲမဲပြီး လေယာဉ်နဲ့ပစ်လိုက် လက်နက်ကြီးပစ်လိုက် လုပ်နေတော့ ထိခိုက်သေဆုံးမှုတွေက နေ့တိုင်းလိုလို ရှိနေတယ်။ ပြည်သူတွေမှာ ကိုယ့်လုံခြုံရေးပဲ ဂရုစိုက်ပြီး နေကြဖို့ လိုအပ်တယ်" ဟု ပြောသည်။