သံတွဲက ကိုယ်ဝန်ဆောင်များ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေ

သံတွဲဒေသတွင် စစ်ဘေးရှောင်ဦးရေငါးသောင်းကျော်ထိရှိနေပြီး ၁၀ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်များဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ခန့်မှန်းပြောဆိုကြသည်။

By Admin 02 Aug 2024

ရခိုင်ဒေသက စစ်ဘေးရှောင် စခန်းတစ်ခုတွင်တွေ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး။
ရခိုင်ဒေသက စစ်ဘေးရှောင် စခန်းတစ်ခုတွင်တွေ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး။

DMG ၊ ဩဂုတ် ၂

တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် ဆေးရုံ၊ ဆေးခန်းများ ပိတ်ထားရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များမှာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများနှင့် ဒေသခံများထံမှ သိရသည်။ 

တိုက်ပွဲမဖြစ်ခင်က ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးရုံ၊ ဆေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်ခဲ့သော်လည်း လက်ရှိတွင် သံတွဲဆေးရုံကြီးနှင့် ပုဂ္ဂလိက ဆေးခန်းများ ပိတ်ထားသည်။

“အခုက စစ်ဘေးရှောင်နေရတော့ ကိုယ်ဝန်ဆောင်တွေ တော်တော်အခက်တွေ့ကြတယ်။ အရပ်လက်သည်နဲ့ပဲ မွေးနေကြရတယ်။ မတော်ရင် အသက်အန္တရာယ်ရှိနိုင်တယ်” ဟု ကိုယ်ဝန်ဆောင်တစ်ဦးက ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်သည့် တကျော့ပြန်တိုက်ပွဲအတွင်း ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီးကျန်းမာရေးဝန်ထမ်းများမှာလည်း စစ်ဘေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ 

သံတွဲဒေသတွင် စစ်ဘေးရှောင်ဦးရေငါးသောင်းကျော်ထိရှိနေပြီး ၁၀ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်များဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ခန့်မှန်းပြောဆိုကြသည်။

စစ်ဘေးရှောင်အရေးကူညီနေသူ အမျိုးသမီးတစ်ဦးက “စစ်ရှောင်တွေထဲမှာ ၁၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်တွေ။ လစေ့နေ့စေ့နဲ့ပါတာလည်း ရှိတယ်။ ၅ လ ၆ လ အမျိုးမျိုးပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ ကလေးမွေးရမယ့်အပိုင်းမှာ တော်တော်ခက်ခဲမှာ။ ဆေးရုံဆေးခန်းလည်းမရှိ၊ နေထိုင်တဲ့နေရာကလည်း အဆင်မပြေ၊ ငွေကြေးလည်းမရှိ ဖြစ်နေကြတာ” ဟု ပြောသည်။ 

စစ်ကောင်စီက လမ်းတံတားများအား မိုင်းခွဲဖျက်ဆီးထားခြင်းအပြင် ပြီးခဲ့သည်ရက်ပိုင်းက သံတွဲဒေသတွင် ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ဒေသခံများ နေထိုင်သွားလာရေးတွင် ပိုပြီးခက်ခဲစေကြောင်း ပြောကြသည်။ 

စစ်ကောင်စီက သံတွဲနှင့် ဂွကို ဆက်သွယ်ထားသည့် ချင်းကွင်းတံတားကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် သံတွဲဒေသခံများမှာ သွားရေးလာရေး အခက်အခဲဖြစ်နေကြသည်။

သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်နှင့် အခြားကျေးရွာများမှ ကိုယ်ဝန်ဆောင်များမှာ နေမကောင်းဖြစ်လျှင် ဂွမြို့နယ် ကျိန္တလီဆေးရုံတို့တွင် သွားပြ၍ရသော်လည်း တချို့မှာ ငွေကြေးအခက်များရှိနေခြင်း၊ တချို့မှာ လမ်းခရီးခက်ခဲမှုကြားကနေ အရဲစွန့်ပြီး သွားလာနေရကြောင်း သိရသည်။ 

“ဟိုတလောက ကျောက်ခေါင်းဖက်က ကိုယ်ဝန်ဆောင်တစ်ဦး ရေမွှာပေါက်ပြီး မီးမဖွားနိုင်လို့ စစ်ကောင်စီ ချိုးထားတဲ့ ချင်းကွင်းတံတားပေါ်ကနေ ခက်ခက်ခဲခဲ တွဲပြီး ကျိန္တလီဆေးရုံကို ပို့ပေးကြရတာ။ အရေးပေါ် အခြေအနေတွေရှိရင် အခုလို လမ်းခရီးခက်ခဲတဲ့အချိန် တော်တော်စိုးရိမ်စရာကောင်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှု နောက်ဆက်တွဲ ကုန်ပစ္စည်း၊ ဆေးဝါးပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ကြုံနေကြရသည်။

ယင်းအပြင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် ရခိုင်ဒေသအတွင်း ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားပြီး လေကြောင်းပစ်ခတ်မှုများ မကြာခဏပြုလုပ်နေ၍ ဒေသခံများမှာ ဆေးရုံး၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် စိုးရိမ်နေကြရသည်။