အမ်း-မကွေးလမ်းကို ပိတ်ဆို့လာသည့် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်သို့ ဆက်သွယ်ထားသော လမ်းပိုင်းနှင့် ပုသိမ် - မုံရွာ လမ်းပိုင်းတို့ကို ပိတ်ဆို့ရန်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ထုတ်ပြန်သည်။
02 Nov 2024
DMG ၊ နိုဝင်ဘာ ၂
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်သို့ ဆက်သွယ်ထားသော လမ်းပိုင်းနှင့် ပုသိမ် - မုံရွာ လမ်းပိုင်းတို့ကို ပိတ်ဆို့ရန်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ထုတ်ပြန်သည်။
PDF စိုးမိုးနယ်မြေများသည့် အဆိုပါလမ်းပိုင်းများကို စစ်ကောင်စီတပ်၏ မလွန်တပ်နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂ )နှင့် ကုန်းကြီး (ကပစ -၁၀)မှ ထုတ်နှုတ်အင်အား ၁၀၀ခန့် ဖြင့် လာရောက်ပိတ်ဆို့ခဲ့၍ အောက်တိုဘာ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အထက်မင်းလှ PDF တပ်ဖွဲ့ဝင်များ ထောင်ထားသည့် ပဒေသာ မိုင်း၊ ဆွဲမိုင်းများထိပြီး သေဆုံးဒဏ်ရာရသူများပြားကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် အောက်တိုဘာ ၃၁ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်တွင်လည်း ပုသိမ်_မုံရွာလမ်းမကြီး တစ်လျှောက် အသုံးပြုကာ ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အထက်မင်းလှ PDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ကာ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး၊ သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသော်လည်း အတည်မပြုနိုင်သေးဟု ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၈ ရက်ကလည်း အမ်းမြို့နယ်ဘက်မှ ရိက္ခာပို့၍ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်နေ၍ အမ်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။