ရမ်းဗြဲမြို့ကို စစ်ကောင်စီရေတပ်သင်္ဘောက လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ရမ်းဗြဲမြို့ကို စစ်ကောင်စီ ရေတပ်သင်္ဘောမှ ဧပြီလ ၁၃ ရက်နှင့် ယနေ့(ဧပြီ ၁၄ ရက်)တို့တွင် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

By Admin 14 Apr 2024

ရမ်းဗြဲမြို့ကို စစ်ကောင်စီရေတပ်သင်္ဘောက လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်

DMG ၊ ဧပြီ ၁၄

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ရမ်းဗြဲမြို့ကို စစ်ကောင်စီ ရေတပ်သင်္ဘောမှ ဧပြီလ ၁၃ ရက်နှင့် ယနေ့(ဧပြီ ၁၄ ရက်)တို့တွင် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

မာန်အောင်မြို့နယ် မြိုချောင်းဝရွာအနီးတွင် ရောက်ရှိနေသည့် စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ ရမ်းဗြဲမြို့နယ်ဖက်သို့ လက်နက်ကြီးများနှင့်ပစ်ခတ်နေခြင်းကြောင့် မြို့အတွင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ကျေးရွာတွေမှာ ကျတာရှိတယ်။ ပြီးတော့ မြို့အနီး တောင်တန်းတွေမှာကျတယ်။ သူတို့(စစ်ကောင်စီ) တပ်တွေက လက်နက်ကြီး ၂ နာရီလောက်ပစ်ခဲ့တယ်” ဟု ရမ်းဗြဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ ကျေးရွာအချို့တွင်ကျရောက်မှုကြောင့် နေအိမ်အချို့ ပျက်စီးမှုရှိခဲ့ပြီး ဒေသခံနှစ်ဦးမှာလည်း သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောဆိုသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ရမ်းဗြဲမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ လက်နက်ကြီးအန္တရာယ်စိုးရိမ်၍ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

“လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေတာကြောင့် ကျနော်တို့ ထွက်ပြေးနေတာပါ။ ကျေးရွာထဲမှာတော့ လက်နက်ကြီးကျည်တွေ ကျတာရှိတယ်။” ဟု ရမ်းဗြဲမြို့နယ်၊ ဟင်းခရော်ကျေးရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း စစ်ကောင်စီက ရမ်းဗြဲမြို့နယ်၊ ဖက်ကြပ်ကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခြင်းကြောင်း ကလေးငယ် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်။

ရမ်းဗြဲမြို့သည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည့် မြို့တစ်မြို့ဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း အာရက္ခတပ်တော်(AA)က ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အဆိုပါမြို့နယ်များကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေသည်။

ဗီဒီယိုများ