မောင်တော နခခ (၅) တိုက်ပွဲ အပြင်းထန်ဆုံး အဆင့်သို့ရောက်ရှိ

မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ရင်း - နခခ (၅) ကို သိမ်းပိုက်ရန် အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

By Admin 15 Oct 2024

မောင်တော နခခ (၅) တိုက်ပွဲ အပြင်းထန်ဆုံး အဆင့်သို့ရောက်ရှိ

DMG ၊ အောက်တိုဘာ ၁၅

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ရှိ နခခ(၅)တိုက်ပွဲသည် ယခုရက်ပိုင်းအတွင်း အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ရင်း - နခခ (၅) ကို သိမ်းပိုက်ရန် အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

ယနေ့ အောက်တိုဘာ ၁၅ ရက်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး နှစ်ဘက်စလုံးက ထိခိုက်ကျဆုံးမှုများ ရှိကြောင်းနှင့် အရေတွက်ကို မသိရကြောင်း  စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“အေအေဘက်က ထိုးစစ်ကြောင့် တိုက်ပွဲအသည်းအသန် ပြင်းနေတယ်။ နှစ်ဘက်စလုံးက ထိခိုက်မှုတွေ ရှိနိုင်တယ်။ တစ်ညလုံးကို ပစ်ကြတာ။ လေကြောင်းကလည်း ဆက်တိုက်ပစ်တာ မိုးလင်းတဲ့အထိပဲ။ ဂျက်နဲ့တစ်ကြိမ်ပစ်ရင် ဗုံးနှစ်လုံးစီ ကြဲချတာ” ဟု ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီသည် အောက်တိုဘာ ၁၃ ရက်မှစ၍ ဂျက်တိုက်လေယာဉ်ဖြင့် နေ့ညမနားတမ်း ပစ်ကူပေးနေပြီး AA ကလည်း လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း နခခ (၅) အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အကြိမ်ရေ ၂၀ နီးပါး ပစ်ခတ်သည့်အပြင် Y-12 ဖြင့်လည်း တစ်ညလုံး လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် စစ်ကောင်စီ၏ စစ်ရေယာဉ်များကလည်း နခခ (၅) အနီးသို့ လက်နက်ကြီးပစ်ကူဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ 

“နခခ (၅)က ပွဲကြမ်းနေတယ်။ အဲဒီပတ်ဝန်းကျင်က ရွာတွေ၊ လမ်းတွေကို AA က ပိတ်ထားတယ်။ လုံခြုံရေးအရ သွားလာခွင့် မပြုဘူး။ မနေ့ကဆိုရင် တစ်ညလုံး မိုးလင်းတဲ့အထိ ပစ်တယ်။ ဂျက်ဖိုက်တာရော Y-12 နဲ့ရော ခဏခဏ လာပစ်နေတာ” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။ 

နခခ(၅)အနီး ရွာသာယာ၊ သာသာကုန်း၊ ၄ မိုင်၊ မကျည်းကုန်း၊ ကံပြင်သာစည် စသည့် ကျေးရွာများတွင် စစ်ဘေးရှောင်နေသည့် မောင်တောမြို့နှင့် ကျေးရွာအချို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။ 

အာရက္ခတပ်တော်(AA)သည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး နခခ (၅) တပ်ရင်းတစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။ AA က နခခ(၅)ကို ထိုးစစ်အရှိန်မြင့်တော့မည်ဟု စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် တိုက်ပွဲအရှိန် ပြင်းထန်လာခြင်း ဖြစ်သည်။