AA သိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီက လေကြောင်းပစ်ခတ်

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားသော မြို့များကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ နေ့စဉ်ရှိနေသည်။ 

By Admin 16 Mar 2024

စစ်ကောင်စီလေတပ် တည်ထောင်မှု (၇၆)နှစ်မြောက် အခမ်းအနားတွင် စစ်ရေးပြနေသော စစ်လေယာဉ်။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီလေတပ် တည်ထောင်မှု (၇၆)နှစ်မြောက် အခမ်းအနားတွင် စစ်ရေးပြနေသော စစ်လေယာဉ်။ (ဓာတ်ပုံ - CINCDS)

မတ်လ ၁၅ ရက်က စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သည့်အတွက် မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာတွင် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။  

မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက “စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ ဒေသခံတွေက အသက်အန္တရာယ်ထိခိုက်မှာကို ကြောက်လို့ ကိုယ့်အိမ်မှာတောင် ပြန်မနေကြသေးဘူး” ဟု ပြောသည်။  

မြောက်ဦးမြို့ကို AA က ဖေဖော်ဝါရီ ၉ ရက်တွင် အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေကြောင့် မြို့နေပြည်သူများကို နေထိုင်ခွင့်မသေးကြောင်း သိရသည်။ 

မတ်လ ၁၅ ရက်တွင် စစ်တွေမြို့နယ်ရှိ ပါဒလိပ်အခြေစိုက် စစ်ကောင်စီ၏ ခမလ ၃၄၄ တင်းရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာတွင် အရပ်သား (၃) ဦးနှင့် ကုန်တန်းကြိမ်ချောင်းကျေးရွာတွင် (၁၀) ဦးဒဏ်ရာရရှိခဲ့သည်။  

ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက “အဲဒီတပ်ရင်းကနေ နေ့တိုင်းလိုလို ပုဏ္ဏားကျွန်းမြို့ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်။ အခုချိန်ထိတော့ မြို့ခံတွေ မြို့ထဲသို့ မဝင်ရသေးဘူး” ဟု ပြောသည်။ 

ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီ၏ ၅၅၀ တပ်ရင်းကို AA က ဖေဖော်ဝါရီ ၂၁ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ကြေညာခဲ့သည်။ 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိတွင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရရှိထားသည်။ 

မင်းပြားမြို့နယ်တွင်လည်း စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မတ်လ ၁၂ ရက်ကလည်း မင်းပြားမြို့အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ 

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မင်းပြားမြို့နယ်၊ မင်းဖူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားကာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ 

မတ်လ (၅) ရက်ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပျက်စီးသွားကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ (၁၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၅၇) ဦးအထိရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ