ဗျိုင်းဖြူရွာသားနှစ်ဦး စစ်ကြောရေးဒဏ်ရာကြောင့် သေဆုံး

စစ်ကောင်စီဖမ်းဆီးထားသည် စစ်တွေမြို့၊ ဗျိုင်းဖြူရွာဒေသခံ အမျိုးသားနှစ်ဦးမှာ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာကြောင့် ဇွန်လ ၁၁ ရက်တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။ 

By Admin 12 Jun 2024

ဗျိုင်းဖြူရွာသားနှစ်ဦး စစ်ကြောရေးဒဏ်ရာကြောင့် သေဆုံး

DMG ၊ ဇွန် ၁၂ 

စစ်ကောင်စီဖမ်းဆီးထားသည် ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားနှစ်ဦးမှာ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာကြောင့် ဇွန်လ ၁၁ ရက်တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများထဲမှ ၅၀ ဦးကို အမှတ်(၁)ရဲစခန်းမှတစ်ဆင့် စစ်တွေအကျဉ်းထောင်သို့ ဇွန်လ ၉ ရက်က ပြောင်းရွှေ့ခဲ့သည်။ ယင်းအထဲမှ ၃ ဦးမှာ ညဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာပြင်းထန်မှုကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် နှစ်ဦးသေဆုံးသွားခြင်း ဖြစ်သည်။

“သေသွားတဲ့နှစ်ယောက်မှာ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်တွေမှာ ညိုမဲနေတဲ့ဒဏ်ရာတွေ အများကြီးပါ။  လက်မောင်းမှာ ဓားနဲ့လှီးထားတဲ့ ဒဏ်ရာတွေလည်း ပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပါ။ သူ့မှာလည်း ဒဏ်ရာပြင်းတဲ့အတွက် စိုးရိမ်ရတဲ့အခြေနေမှာ ရှိပါတယ်”  ဟု ဆေးရုံနှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦးနှင့် ဆေးကုသမှုခံယူနေသူတစ်ဦး၏ အမည်နှင့် အချက်အလက်ကို လုံခြုံရေးအခြေအနေကြောင့် ပြောဆိုခဲ့ခြင်း မရှိပေ။

စစ်တွေအကျဉ်းထောင်ရှိ ဗျိုင်းဖြူရွာသားများထဲမှ ၈ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၃၀ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီက အမှုဖွင့်လှစ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် ဒေသခံ ၁၀၀ ခန့်ကို စစ်တွေအခြေစိုက် ခလရ (၂၀) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ နှစ်ပတ်ခန့်အကြာတွင် ရဲလက်သို့အပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူများထဲမှ ၄၇ ဦးကို ဇွန်လ ၈ ရက်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး အမှုဖွင့်ခံရသူများထဲတွင် မပါဝင်ဘဲ ထိန်းသိမ်းခံနေရသည့် ဒေသခံအများအပြား ရှိနေသေး၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။ 

“အဆက်အသွယ်မရ ပြန်လွတ်လာတာလည်း မရှိသေးတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ သူတို့ကို သတ်လိုက်ကြပြီလားဆိုပြီး မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်” ဟု ဗျိုင်းဖြူရွာသားတစ်ဦးက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလကလည်း စစ်ကောင်စီ စစ်ကြောရေးအတွင်း နှိပ်စက်ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးသူ ၂၀ ဦးထက်မနည်း ရှိခဲ့သည်။