တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၄ ရက်နေ့က ပြုလုပ်သည့် (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

By Admin 25 Dec 2024

စစ်ကောင်စီရေတပ် ၇၇ နှစ်ပြည့် အခမ်းအနား၌ စစ်ခေါင်းဆောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီရေတပ် ၇၇ နှစ်ပြည့် အခမ်းအနား၌ စစ်ခေါင်းဆောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS

DMG ၊ ဒီဇင်ဘာ ၂၅

မြန်မာရေတပ်သည် မြန်မာ့ပင်လယ်ပြင်ကို အပြည့်အဝ ကာကွယ်နိုင်သည့် စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်ဖြစ်နေပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်ရေးကို တိုးမြှင့်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၄ ရက်နေ့က ပြုလုပ်သည့် (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

“ရေမိုင် အရှည် ၁၂၆၀ မိုင် ရှိသည့် မြန်မာ့ကမ်းရိုးတန်းကို ကာကွယ်နိုင်ရေးအတွက်လည်း ရေတပ်ကို ခေတ်မီ အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်လာရန် တိုးချဲ့တည်ဆောက်ပေးနေကြောင်း ” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။

ယင်းအပြင် တိုက်ပွဲအသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်၊ လက်နက်၊ ရေတပ်သားများအား အသင့်ဖြစ်စေရန်နှင့် အမြဲမပြတ် လေ့လာလေ့ကျင့်နေရမည်ဟုလည်း စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သည်။

စစ်ကောင်စီရေတပ်မှ တည်ဆောက်ခဲ့သည့် ၁၃၅ မီတာ ဖရီဂိတ် စစ်ရေယာဉ်ကြီးကိုလည်း ယမန်နေ့က ရေချခဲ့ပြီး “သာလွန်မင်း” ဟု အမည်ပေးခဲ့သည့်အပြင် ၆၃ မီတာ ရှည်လျားသည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် နှစ်စင်းမှာလည်း တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

ရေချခဲ့သည့် စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်သည့် ဂီယာစနစ်ပါဝင်ပြီး ဒီဇယ်၊ ဂက် (စ်) တာဘိုင် ပေါင်းစပ်မောင်းမှုစနစ် တပ်ဆင်ထားသည့် စစ်ရေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီရေတပ်သည် ရခိုင်စစ်ပွဲတွင် မရှုမလှအရေးနိမ့်ခဲ့သည့် ဖြစ်စဉ်များ ရှိသဖြင့် ယခုစစ်ရေယာဉ်ကြီးများကိုလည်း ရခိုင်စစ်မြေပြင်တွင် အသုံးပြုလာနိုင်ကြောင်း စစ်ရေးလေ့လာသူတို့က ရှုမြင်နေကြသည်။

“ခြေလျင်တိုက်ပွဲတွေ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီဟာ ပင်လယ်ပြင် စိုးမိုးမှုအတွက် ပိုအားဖြည့်ပြီး တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့ နယ်မြေတွေကို ရေတပ်အင်အားနဲ့ ပြန်တိုက်မယ်လို့ တဖက်ကနေ ပြောလိုက်တာလို့ မြင်တယ်။ ဒါပေမဲ့လည်း ဝေဟင်၊ ရေပြင်တပ်ကူ ဘယ်လောက်ရှိရှိ၊ ခြေလျင်တပ်၊ မြေပြင်တပ်တွေ စစ်ကူမပေးနိုင်ရင်တော့ တိုက်ပွဲအခြေအနေမလွယ်ဘူး” ဟု စစ်ရေးစောင့်ကြည့်နေသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် ရခိုင်ပြည်ရှိ လက်ကျန်မြို့များဖြစ်သော ဘင်္ဂလားပင်လယ်အော်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များတွင် ရေတပ်အင်အားဖြည့်တင်းထားကြောင်း ဒေသခံများထံမှ  သိရသည်။

ပုံစာ -