ရန်ကုန်မှပြန်လာသည့် မြောက်ဦးဒေသခံ အမျိုးသမီးနှစ်ဦး စစ်တွေတွင် ဖမ်းဆီးခံထားရ

ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် တောင်ဦးကျေးရွာမှ မလှိုင်လှိုင်ဦး (၂၁) နှစ်နှင့် မမိုးမြင့်ရီ (၃၀) နှစ်တို့မှာ မေလ ၂၉ ရက်က ရခိုင်သို့ပြန်လာစဉ် စစ်တွေလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။ 

By Admin 01 Jun 2024

ရန်ကုန်မှပြန်လာသည့် မြောက်ဦးဒေသခံ အမျိုးသမီးနှစ်ဦး စစ်တွေတွင် ဖမ်းဆီးခံထားရ

DMG ၊ ဇွန် ၁ 

ရခိုင်ပြည်၊ စစ်တွေလေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသည့် မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာမှ အမျိုးသမီးနှစ်ဦးမှာ ၄ ရက်ကြာသည့်တိုင် ပြန်လွတ်မြောက်လာခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။ 

ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် တောင်ဦးကျေးရွာမှ မလှိုင်လှိုင်ဦး (၂၁) နှစ်နှင့် မမိုးမြင့်ရီ (၃၀) နှစ်တို့မှာ မေလ ၂၉ ရက်က ရခိုင်သို့ပြန်လာစဉ် စစ်တွေလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

“ကျနော်နဲ့ လေယာဉ်တစ်စီးတည်း အတူစီးလာတာ။ လေယာဉ်ပေါ်ကဆင်းလို့ အထုတ်တွေယူပြီး ထွက်လာတော့ အဲဒီမိန်းကလေးနှစ်ယောက်ကို လဝကကလူတွေ မေးမြန်းတာလုပ်တယ်။ ပြီးရင် အကြာကြီးထိုင်ခိုင်းထားတယ်။ နောက်မှ ကားနဲ့ဖမ်းခေါ်သွားတာ” ဟု မျက်မြင်အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ၎င်းအမျိုးသမီးနှစ်ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးနှင့် အဆက်သွယ်ရသော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို မသိရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 

“ပြန်မလွတ်လာသေးဘူး။ ဘာကြောင့်ဖမ်းသွားမှန်းလည်း မသိဘူး။ မိသားစုနဲ့အဆက်သွယ်ရတယ်။ ဒါပေမယ့် စစ်တွေမြို့ကိုလည်း ပိတ်ထားတော့ တွေ့ခွင့်ရဖို့က မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။ 

ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်တွေမြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဒေသခံများနေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ကာ မတရားဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသည်။ 

ပြီးခဲ့သည့်လကလည်း စစ်တွေဒေသခံ မှတ်ပုံတင်ကတ် ၁၁/စတန(နိုင်) မဟုတ်သည့် အခြားမြို့ရွာများမှ ဒေသခံများကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်။  

ရခိုင်မြောက်ပိုင်းရှိ စစ်တွေနှင့် မောင်တောမှလွဲ၍ ကျန်မြို့နယ်များကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရေး အရှိန်မြှင့်ထိုးစစ်ဆင်နေသည်။

ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့ကိုလည်း AA က အချိန်မရွေး ထိုးစစ်ဆင်လာနိုင်၍ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ ဒေသခံများအား သံသယဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိနေသည်။ 

ဗီဒီယိုများ