တိုက်ပွဲပြင်းနေသည့် ညောင်ကျိုးစခန်းသို့ တပ်သားအင်အား ရာနှင့်ချီ စစ်ကောင်စီ ဖြည့်တင်း

ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်းတို့မှ ယခုရက်ပိုင်းအတွင်း အင်အားရာနှင့်ချီ ဆက်တိုက်အင်အားဖြည့်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

By Admin 10 Mar 2025

စစ်ကောင်စီ စစ်ရေးလေ့ကျင့်မှုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီ စစ်ရေးလေ့ကျင့်မှုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS

DMG ၊ မတ် ၁၀

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းသို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တပ်ရင်း ၃ ရင်းဖြင့် အင်အားဖြည့်ပြီး ခုခံနေကြောင်း သိရသည်။

ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်းတို့မှ ယခုရက်ပိုင်းအတွင်း အင်အားရာနှင့်ချီ ဆက်တိုက်အင်အားဖြည့်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" ညောင်ကျိုးစခန်း မကျဖို့အတွက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဖြည့်နေပါတယ်။ တပ်မခ ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်းက ဒီရက်ပိုင်း အင်အားရာနဲ့ချီ ဖြည့်နေတယ်" ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လက်ရှိတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးစခန်းကို အာရက္ခတပ်တော်နှင့် မဟာမိတ်များ အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ညောင်ကျိုးစခန်းသည် ကပစ (၆) ရှိသည့် ညောင်ခြေထောက်ကျေးရွာနှင့် နီးပြီး လက်ရှိတွင် ရန်ကုန်တိုင်း အခြေစိုက် တပ်ရင်းများမှ အင်အားဖြည့်တင်းလာရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းမှ တစ်ဆင့် အင်အားဖြည့်ပေးနေရသည့် အခြေအနေသည် ပဲခူးတိုင်းအတွင်း စစ်ကောင်စီက အင်အားနည်းနေသည်ကို ပြရာရောက်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

" ညောင်ကျိုးစခန်းက ညောင်ခြေထောက်က အင်အားဖြည့်နေကျ၊ အခု အင်အားဖြည့်ပေးနေတဲ့ တမခ ၇၇ ဆိုတာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အခြေစိုက်ဖြစ်တဲ့အတွက် ပဲခူးတိုင်းအတွင်းက အင်အားတွေ မလောက်တော့တဲ့ အနေအထားလို့ ပြောရမှာပေါ့" ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လေ့လာနေသူ လူငယ်တစ်ဦးက ဆိုသည်။

အာရက္ခတပ်တော်သည် စကခ ၅ ရှိသည့် တောင်ကုတ်မြို့နယ် သိမ်းပြီးနောက် တောင်ကုတ်-ပန်းတောင်း လမ်းအတိုင်း ထိုးစစ်ဆင်ခဲ့ရာ လက်ရှိတွင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ် တဖြည်းဖြည်းနီးကပ်လာခြင်းကြောင်း စစ်ကောင်စီသည် ဥသျှစ်ပင်မြို့တွင် ခံစစ်ပြင်ဆင်မှုများနှင့် လုံခြုံရေးတင်းကျပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။