- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
မြောက်ဦးတွင် စက်သုံးဆီပြတ်လပ်
စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ စက်သုံးဆီများ ပြတ်လပ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
21 Nov 2023

DMG ၊ နိုဝင်ဘာ ၂၁
စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ စက်သုံးဆီများ ပြတ်လပ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိန်း၊ ပရီမီယမ်ဒီဇယ်၊ ဓာတ်ဆီ၊ ရေနံဆီများ ပြတ်လပ်သွားပြီဖြစ်ကာ စက်သုံးဆီဆိုင်များကိုလည်း ပိတ်ထားကြပြီဟု မြောက်ဦးဒေသခံများက ပြောသည်။
“တစ်မြို့လုံးပတ်ရှာရင်တောင် မရတဲ့အခြေအနေဖြစ်နေတယ်။ မြောက်ဦးမှာတော့ စက်သုံးဆီက ပြတ်သွားပြီ။ အခုက လက်ကျန်ဆီတွေနဲ့ပဲ မောင်းနေကြတာ။ နောက်တစ်ရက်လောက်ဆို ဆိုင်ကယ်တွေ၊ ကားတွေ လုံးဝ သွားလို့ရတော့မှာ မဟုတ်ဘူး” ဟု မြောက်ဦးမြို့ခံတစ်ဦးဖြစ်သူ ကိုနေလင်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့် ပိတ်ပင်ထားမှု တစ်ပတ်ကျော်အကြာတွင် ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်မှုကို ကြုံတွေ့လာရခြင်းဖြစ်သည်။
“သူတို့က လမ်းတွေပိတ်ထားပြီး ပြည်သူတွေအခက်အခဲဖြစ်အောင် လုပ်နေတာ။ ပြည်သူတွေကို တဖြည်းဖြည်းနဲ့ ဒုက္ခရောက်အောင်လုပ်နေတာ” ဟု မြောက်ဦးမြို့မှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ ဆက်လက်၍ လမ်းပိတ်ထားမည်ဆိုပါက နောက်ထပ်နှစ်ရက်အတွင်း မြောက်ဦးမြို့အတွင်း သွားလာနေကြသည့်ယာဉ်အားလုံး ရပ်တန့်ထားရမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
မြောက်ဦးမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေမှုကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများကြုံတွေ့လာမည်ဟု လူမှုကူညီရေးအသင်းများက ပြောသည်။
“ကျနော်တို့ကတော့ ကားမှာဆီရှိနေရွေ့ သွားပေးမယ်၊ မရှိရင်တော့ ကျနော်တို့လည်း မတတ်နိုင်ဘူး” ဟု မြောက်ဦးမြို့ ကရုဏာလှိုင်းသွေးလှူရှင်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်က တခြားမြို့နယ်များတွင်လည်း စက်သုံးဆီနည်းပါးနေပြီဖြစ်၍ အကန့်အသတ်ဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။
သံတွဲမြို့တွင် စက်သုံးဆီပြတ်လပ်မှု မရှိသေးသော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ထောက်ခံစာပါမှ ဆီဝယ်လို့ရမယ်လို့ တစ်ခါမှမကြားဖူးဘူးဗျ။ အဲဒါတောင် လေးထောင်ဖိုးပဲရတယ်။ တကယ်ဆို ကျနော်တို့ဘက်မှာက တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့က တမင်ဒုက္ခပေးချင်လို့ လုပ်တာ” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ လမ်းခရီးသွားခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်လာရခြင်း ဖြစ်သည်။
#D008 #DMG