ရခိုင်တွင် ဒေသထုတ် မြေအိုးများ ဈေးကောင်းရနေ

တိုက်ပွဲမဖြစ်ခင် ယခင်နှစ်များက မြေအိုးတစ်လုံးကို ငွေကျပ် ၁၅,၀၀၀ သာရရှိခဲ့သော်လည်း လက်ရှိတွင် မြေအိုးတစ်လုံးကို ငွေကျပ် ၃၅,၀၀၀ ထိ ဈေးကောင်းရနေကြောင်း မြေအိုးရောင်းချသူများက ပြောဆိုကြသည်။

By Admin 18 Oct 2024

ရခိုင်ဒေသထုတ် မြေအိုးများကို တွေ့ရစဉ်
ရခိုင်ဒေသထုတ် မြေအိုးများကို တွေ့ရစဉ်

DMG ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်တွင် ဒေသထုတ် မြေအိုးများ ဈေးကောင်းရနေပြီး ရောင်းအား‌ကောင်းနေကြောင်း မြေအိုးရောင်းချသူများထံမှ သိရသည်။

တိုက်ပွဲမဖြစ်ခင် ယခင်နှစ်များက မြေအိုးတစ်လုံးကို ငွေကျပ် ၁၅,၀၀၀ သာရရှိခဲ့သော်လည်း လက်ရှိတွင် မြေအိုးတစ်လုံးကို ငွေကျပ် ၃၅,၀၀၀ ထိ ဈေးကောင်းရနေကြောင်း မြေအိုးရောင်းချသူများက ပြောဆိုကြသည်။

" အရင်နှစ် တိုက်ပွဲမဖြစ်ခင်တုန်းကတော့ သိပ်ဈေးကောင်းမရဘူး။ ရောင်းအားလည်း မကောင်းဘူး။ အခုတော့ ဈေးကောင်းလည်းရတယ်။ အရင်ထက်လည်း ပိုရောင်းအားကောင်းတယ် " ဟု ကျောက်တော်မြို့နယ်မှ မြေအိုးရောင်းသူ ဦးခင်မောင်က ပြောသည်။

ယခင်ကာလများက မြေအိုးများကိုာ တစ်လအတွင်း အလုံး ၄၀ ခန့်သာ ရောင်းချနိုင်ပြီး ယခုနှစ်တွင် တစ်လအတွင်း အလုံး ၁၀၀ ကျော်အထိ ရောင်းအားကောင်းနေခြင်းဖြစ်သည်။

မြေအိုးများ ရောင်းအားကောင်းလာခြင်းသည် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ခြင်း အကျိုးဆက်အနေဖြင့် ပြည်မဘက်မှ သွပ်(ဒန်)အိုး များဝင်ရောက်မှု ရပ်တန့်သွားခြင်းကြောင့်ဟု သုံးသပ်မှုများရှိနေကြသည်။

" အခုနောက်ပိုင်း ရခိုင်မှာ တောအရက်(ဆန်အရက်) ချက်တဲ့ လုပ်ငန်းကို တော်တော်လေး လုပ်လာကြတယ်။ မြေအိုးတွေ ရောင်းအားကောင်းတာကလည်း အဲဒါကြောင့်လည်း တစ်ချက်အပါအဝင်ဖြစ်တယ် " ဟု ပုဏ္ဏားကျွန်း ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

မြေအိုးများကို ဆောင်းရာသီဖြစ်သည့် နတ်တော်၊ ပြာသိုလတို့တွင် အဓိက လုပ်လေ့ရှိပြီး ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ မင်းပြားမြို့နယ်တို့တွင် မြေအိုးလုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း သိရသည်။