- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
အကျဉ်းထောင် ၄ ခုတွင် ထောင်ဝန်ထမ်းများ နိုင်/ကျဉ်းမိသားစုဝင်များထံမှ ငွေကြေးလိမ်လည်မှု ဆိုးရွားနေ
PPNM ၏ အတည်ပြုချက်အရ မန္တလေး အိုးဘိုအကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊ မြိတ်အကျဥ်းထောင်နှင့် ညောင်ဦးအကျဉ်းထောင်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီး ဝန်ထမ်းများသည် နိုင်/ကျဉ်းမိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ ယနေ့အထိ ငွေကြေးလိမ်လည် တောင်းခံနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
08 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် ၄ ခုတွင် အကျဉ်းဦးစီးဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်မှုများ ဆိုးရွားစွာကျူးလွန်လာနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။
PPNM ၏ အတည်ပြုချက်အရ မန္တလေး အိုးဘိုအကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊ မြိတ်အကျဥ်းထောင်နှင့် ညောင်ဦးအကျဉ်းထောင်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီး ဝန်ထမ်းများသည် နိုင်/ကျဉ်းမိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ ယနေ့အထိ ငွေကြေးလိမ်လည် တောင်းခံနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
"ငွေညှစ်တာတွေက အရင်ကတည်းက ရှိနေတာ။ ကိုယ့်အိမ်နဲ့ ချိတ်ဆက်ပေးဖို့ အခက်အခဲရှိရင် သူတို့နဲ့ ချိတ်ပြီးတော့ ပိုက်ဆံပေးပြီးလုပ်ကြရတယ်။ နောက်ပိုင်းတော့ အဆက်အသွယ်လုပ်လို့ရမယ့် နည်းလမ်းတွေ ရှိတဲ့အခါ အပြင်က မိသားစုဝင်တွေဆီက ငွေညှစ်တာ လိမ်တာတွေကို လွယ်လွယ်လုပ်လို့ရသွားကြတယ်။ မိသားစုဝင်တွေကတော့ အထဲက ကိုယ်အဆင်ပြေအောင် လုပ်ပေးကြတာပေါ့" ဟု ရန်ကုန်မှ နိုင်/ကျဉ်းဟောင်းတစ်ဦးက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်တွင် အဆောင်မှူး မျိုးဟီဟအောင်မှ နိုင်/ကျဉ်းမိသားစုဝင်များအား အကျဉ်းသားများ ဆေးရုံတက်နေရ၍ ငွေကြေးအရေးပေါ်လိုအပ်သည်ဟုဆိုကာ ငွေကြေးမကြာခဏ တောင်းခံနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် နိုင်/ကျဉ်းမိသားစုဝင်များကို အကျဉ်းသားများဆေးရုံတက်နေရသည့် ကိစ္စများကို ဧည့်တွေ့ခွင့်ရချိန် မမေးမြန်းရန်နှင့် မေးမြန်းပါက နောက်ထပ်အမှုထပ်ကပ်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ကာ ငွေကြေး လိမ်လည်နေမှုအား အခြားသူများမသိရှိစေရန် လုပ်နေသည်ဟု ဆိုသည်။
ဒိုက်ဦးအကျဉ်းထောင် အဆောင်မှူး မျိုးဟီဟအောင်အပါအဝင် ထောင်ဝန်ထမ်းများသည် အကျဉ်းသား မိသားစုဝင်များထံမှ အနည်းဆုံး ငွေကြေး တစ်သိန်းမှစ၍ သိန်းတစ်ရာဝန်းကျင်အထိ လိမ်လည် တောင်းခံမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
အခြား အကျဉ်းထောင်များမှာလည်း အကျဉ်းဦးစီးဝန်ထမ်းများသည် အကျဉ်းသားမိသားစုဝင်များထံမှ ထိုနည်းတူ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
"ဒီလုပ်ရပ်တွေက အပြင်မှာ သောင်းကျန်းနေတဲ့ ကျားဖြန့်နဲ့တောင် နှိုင်းလို့ရတဲ့ အခြေအနေပေါ့။ သူတို့လုပ်တာကို ဖော်ထုတ်ရင် အကျဉ်းသားတွေကို တိုက်ပိတ်မယ်၊ နှိပ်စက်မယ်ဆိုပြီး မိသားစုတွေကို အကြောက်တရားဝင်အောင် လုပ်ထားတယ်။ လိမ်လည်မှုလုပ်ထားတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ပုံနဲ့တကွ ထုတ်ပြန်ပြီး အရေးယူ ပိတ်ဆို့ရင်တော့ ဒါတွေ လျော့နည်းသွားနိုင်တဲ့သဘောရှိတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အကျဉ်းထောင်အားလုံးတွင် လုံလောက်စွာ ဆေးဝါးကုသခွင့်မရခြင်း၊ နေရာမလုံလောက်ခြင်း၊ သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ကြုံတွေ့နေကြရသည်။
ယင်းအပြင် အကျဉ်းသားများမှာ မိသားစုဝင်များထံမှပေးပို့သည့် ဆေးဝါးများကန့်သတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသား ၂၈,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းသားများမှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိကြောင်း နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားသည်။