- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ARSA တစ်ခန်းရပ်ချိန် RSO ခေါင်းထောင်လာနိုင်မလား
အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၃ ရက်က ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရောက်ရှိလာပြီးနောက်ပိုင်း မွတ်ဆလင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ARSA ခေါင်းဆောင်များဖမ်းဆီးခံရ ခြင်းဖြစ်သည်။
19 Mar 2025

DMG ၊ မတ် ၁၉
မွတ်ဆလင်လက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ခေါင်းဆောင်အပါအဝင် ၁၀ ဦးကို ပြီခဲ့သည့် မတ် ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်သည်။
ယင်းအထဲတွင် ARSA ခေါင်းဆောင် အာတာအူလ္လာ အဘူအာမာဂျုနောနီ (Ataullah Abu Ammar Jununi) တို့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယင်ဂါမြို့တွင် အစည်းအဝေးလုပ်နေစဉ်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်မှုနှင့် ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်မှုများရှိနေသဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများတွင် ဖမ်းဆီးငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မတပ်သားသစ်စုဆောင်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ငန်းများနှင့်အတူ အကြောက်တရားသွင်းပြီး ကြီးစိုးချယ်လှယ်နေကြောင်း သိရသည်။
ယင်းကြောင့် ယခုအခါ ARSA ခေါင်းဆောင်များ ဖမ်းဆီးခံရခြင်းသည် ဒုက္ခသည်စခန်းများတွင် နောက်ထပ် RSO အဖွဲ့က အင်အားကြီးမားလာနိုင်စေကြောင်းလည်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
“ARSA နဲ့ RSO ကွဲနေတာ။ ဘယ်လိုမှ အဆင်မပြေကြဘူး၊ ၄ ဖွဲ့ပေါင်းတာလည်း အဆင်ပြေပုံမပေါ်ဘူး။ ဒီတော့ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ကိုင်တွယ်ရ ပိုလွယ်သွားအောင် ARSA ကို ရှင်းလိုက်တဲ့သဘောပေါ့။ အကျိုးဆက်ကတော့ RSO ခေါင်းထောင်လာဖို့ ရှိတယ်” ဟု ထိုင်းနိုင်ငံအတွင်း အုပ်ချုပ်ရေး မဟာတန်းတက်နေသည့် ရခိုင် လူငယ်တစ်ဦးက သုံးသပ်သည်။
အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်း၍ ဒီမာလ်မတ်က ဦးဆောင်သော်လည်း ARSA ခေါင်းဆောင်များကိုသာဖမ်းဆီးပြီး ကျန်မွတ်ဆလင်လက်နက်ကိုင် ၃ ဖွဲ့မှ ခေါင်းဆောင်များအား စောင့်ကြည့်နေခြင်းက စဉ်းစားစရာဖြစ်လာကြောင်း ရခိုင်အရေးလေ့လာသူများက သုံးသပ်ကြသည်။
အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၃ ရက်က ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရောက်ရှိလာပြီးနောက်ပိုင်း မွတ်ဆလင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ARSA ခေါင်းဆောင်များဖမ်းဆီးခံရ ခြင်းဖြစ်သည်။
ARSA တပ်ဖွဲ့ဝင်များသည် ကော့စ်ဘဇားခရိုင်၊ အိုကီးယားနှင့် တက္ကနက်မြို့နယ်အတွင်း ကျဉ်းမြောင်းသည့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို ပစ်မှတ်ထားသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တရားစီးရင် အရေးယူနိုင်ရန် နိုင်ငံတကာ တရားမျှတမှု ယန္တရားများဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights မှ မတ်လ ၁၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စသည်တို့ ပါဝင်သော နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း Fortify Rights တောင်းဆိုထားသည်။
ARSA အပြင် RSO အဖွဲ့ကလည်း ဒုက္ခသည်စခန်းများတွင် လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင်ပါဝင်သည်။
ဒုက္ခသည်စခန်းများအတွင်း ARSA, RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့် သတ်ဖြတ်မှုများမှာ ၂၀၂၁ ခုနှစ်တွင် ၂၂ ဦး၊ ၂၀၂၂ တွင် ၄၂ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၉၀ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၆၅ ဦး ထက် မနည်းရှိခဲ့ကြောင်း Fortify Rights က ထုတ်ဖော်ထားသည်။
ARSA ခေါင်းဆောင်များကိုသာ ဖမ်းဆီးခြင်းသည် မွတ်ဆလင်ဒုက္ခသည် စခန်းလုံခြုံရေးနှင့် ဒုက္ခသည်များ၏ အသက်အာမခံချက် မရှိသေးဘဲ ဆက်ရှိနိုင်သေးကြောင်း သုံးသပ်ကြသည်။
“မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အချင်းချင်းကြား အားပြိုင်နေကြတာ။ ARSA တစ်ခုတည်းမရှိတော့လို့ အဲဒီပြဿနာတွေ အေးသွားမှာ မဟုတ်ဘူး။ ARSA မရှိတော့ရင် RSO ထိန်းချုပ်လာမှာ အသေချာပဲ။ RSO က နောက်ခံကောင်းပြီး အစိုးရနဲ့အဆင်ပြေတော့ လူ့အခွင့်အရေးပိုချိုးဖောက်ဖို့ အခွင့်အရေးပိုရတာပေါ့” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမြတ်ကိုက ပြောသည်။
၎င်းအပြင် အာရက္ခတပ်တော်၏ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲအတွင်း ARSA သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ နေအိမ်အမြောက်အများ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အကြမ်းဖက်လုပ်ရပ်အများအပြားကိုလည်း ကျူးလွန်ခဲ့ကြောင်း DMG ၏ မြေပြင်ကွင်းဆင်းစုံစမ်းမှုအရ သိရသည်။
ARSA ခေါင်းဆောင်များအား ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးခြင်းသည် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံရေးကစား ကွက်တစ်ခုဖြစ်ပြီး မွတ်ဆလင်ဒုက္ခသည်အရေးအား နိုင်ငံတကာစိတ်ဝင်စားမှုရရှိစေရန် လုပ်နေခြင်းသာဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
“ARSA ခေါင်းဆောင်တွေကို ဖမ်းပြတာက နိုင်ငံရေးကစားကွက်လို့မြင်တယ်။ နိုင်ငံတကာက မွတ်ဆလင်ဒုက္ခသည်အရေး စိတ်ဝင်စားမှုလျော့ကျမသွားအောင် လုပ်နေတာ။ မွတ်ဆလင်ဒုက္ခသည်နဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်ကလည်း အကျိုးအမြတ်တွေ ရနေတာလေ” ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ရှုမြင်သည်။
ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်အတွင်းက မျိုးနွယ်စုဝင်များနှင့် ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုထားသည်။
ARSA အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် အခြေစိုက်သည့် ဟာရာကာ အယ်လ်ရာကင်အဖွဲ့ မှ ဆင်းသက်လာခြင်းဖြစ်ပြီး ၂၀၁၂ အရေးအခင်းနှောင်းပိုင်း ၂၀၁၃ တွင် အာတာအူလ္လာ ဦးဆောင်၍ မောင်တောမြောက်ပိုင်းတွင် လှုပ်ရှားမှုများ စတင်ခဲ့သည်။