- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရခိုင်တွင် စစ်ကောင်စီလက်ချက်ကြောင့် နှစ်ရက်အတွင်း သေဆုံးဒဏ်ရာရသူ ၄၀ ကျော်ရှိ
ရခိုင်ပြည်တွင် ဆေးရုံများ၊ အဆောက်အအုံများနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာက ထိရောက်စွာ အရေးယူစေချင်ကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။
15 May 2024
DMG ၊ မေ ၁၅
ရခိုင်ပြည်တွင် နှစ်ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးဒဏ်ရာရသူ ၄၀ ကျော်အထိရှိကြောင်း DMG စာရင်းတွင် ဖော်ပြသည်။
ယနေ့နံနက်ပိုင်းက ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးတစ်ချို့နှင့် ဒဏ်ရာရရှိသူ ၂၀ ကျော်အထိရှိကြောင်း AA က ထုတ်ပြန်ထားသည်။
ယမန်နေ့ မေလ ၁၄ ရက်က - မောင်တောမြို့နယ်၊ ကင်းချောင်ကျေးရွာကို စစ်ကောင်စီက ဂျတ်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၄ ဦးသေဆုံးကာ၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ သံတွဲမြို့နယ်၊ လင်းသီကျေးရွာတွင်လည်း စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။
စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများအား ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှု ကျုးလွန်နေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။
“သံတွဲမြို့နယ်မှာက အခုလိုမျိုး လူအစုလိုက်အပြုံလိုက်သေဆုံးတာ တစ်ခါမှမရှိခဲ့ဘူး။ တိုက်ပွဲအတွေ့အကြုံလည်း မရှိကြတော့ စိုးရိမ်မှုလည်း သိပ်မရှိကြဘူးပေါ့။ အခုတော့ တကယ့် နဖူးတွေ့ဒူးတွေ့ကြုံရမှ ကြောက်လန့်ပြီးတော့ စိုးရိမ်မှုမြင့်တက်နေကြတာ။ စစ်ကောင်စီကတော့ နိုင်ငံတဝန်းလုံးမှာ ဒီလိုစစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် ဒေသခံတွေအနေနဲ့ မပေါ့ဆကြဖို့ အရေးကြီးတယ်” ဟု သူက ပြောသည်။
သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်နေကြောင်း ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီက အရပ်သားကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်မှုများမှာ မြင့်တက်လာနေပြီး ကျေးရွာရှိလူနေအိမ်များ မီးလောင်ပြာကျခဲ့ရသည်။
အလားတူ အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နယ်ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည့်အတွက် အရပ်သားသေဆုံးမှု မြင့်တက်နေသည်။
ရခိုင်တွင် ဆေးရုံများ၊ အဆောက်အအုံများနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာက ထိရောက်စွာ အရေးယူစေချင်ကြောင်း ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
“ကျောက်တော်မြို့နယ်အတွင်းမှာ မကြာခဏဆိုသလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တွေ လုပ်နေတော့ ပြည်သူတွေရဲ့လုံခြုံမှုက အားနည်းနေဆဲဖြစ်တယ်။ အထူးသဖြင့် ဆေးရုံတွေ၊ ဘာသာရေးအဆောက်အုံတွေနဲ့ လူစည်းကာတဲ့နေရာတွေကို တိုက်ခိုက်နေတာကြောင့် ထိခိုက်မှုများတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု သူက ပြောသည်။
ယနေ့ မေလ ၁၅ ရက်တွင် ရခိုင်ပြည် မင်းပြားမြို့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးရှိကြောင်း စုံစမ်းသိရှိရသည်။
ရခိုင်တွင် တိုက်ပွဲကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၁ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးသူ ၁၇၉ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၆၈ ဦးရှိသည်ဟု HDCO ရုံး၏ စာရင်းများအရ သိရသည်။