တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား

“AVIC လေယာဉ်အသစ်များ ထပ်မံတင်ပို့မှုများက ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏ ကျူးလွန်လျက် ရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေသည်ကို ပြသနေသည်” ဟု Justice For Myanmar က ထုတ်ပြန်သည်။ 

By Admin 23 Dec 2024

တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား

DMG ၊ ဒီဇင်ဘာ ၂၃

မြန်မာစစ်အုပ်စုသည် ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ၏ ရင်းနှီးမြှုပ်နှံထားသည့် မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားသည့် လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားကြောင်း Justice For Myanmar က ထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၁၅ ရက် ကျင်းပခဲ့သည့် မြန်မာ့လေတပ် နှစ်ပတ်လည်နေ့အခမ်းအနားတွင် စစ်ကောင်စီပိုင် မီဒီယာများဖော်ပြချက်ချက်ကို ဆန်းစစ်သုံးသပ်ရာတွင် အမှတ် (၁၄၁၃) အဖြစ် Hongdu K-8 အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တစ်စင်း၊ အမှတ် (၁၄၀၇၊ ၁၄၁၁၊ ၁၄၁၂ နှင့် ၁၄၁၃) တို့အပါအဝင် FTC-2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် အနည်းဆုံး ခြောက်စင်း၊ အမှတ် (၅၉၂၂) အဖြစ် Shaanxi Y-8 စစ်ဘက်သယ် ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းတွေ့ရကြောင်း ထုတ်ပြန်သည်။ 

စစ်ကောင်စီသည် ထိုလေယာဉ်အမျိုးအစားများကို အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ ဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုလေ့ရှိကြောင်း Justice For Myanmar က ဆိုသည်။  

“AVIC လေယာဉ်အသစ်များ ထပ်မံတင်ပို့မှုများက ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏ ကျူးလွန်လျက် ရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေသည်ကို ပြသနေသည်” ဟု ထုတ်ပြန်သည်။ 

စစ်ကောင်စီကို ကူညီ‌ထောက်ပံ့ပေးနေသည့် တရုတ်ပိုင် (AVIC) ကုမ္ပဏီအား ဖိအားပေးရန် မိတ်ဖက်ကုမ္ပဏီဖြစ်သော ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီကို ပြည်အတွင်း၊ ပြည်ပအရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က ဒီဇင်ဘာ ၁၀ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသည်။  

Airbus ကုမ္ပဏီအနေဖြင့် စစ်ကောင်စီအတွက် ကူညီထောက်ပံ့ပေးနေသည့် ကုမ္ပဏီကို ဆက်ဆံနေခြင်းနှင့် ဘဏ္ဍာနေရးဆိုင်များကိုပါ ပံ့ပိုးနေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။ 

AVIC ကုမ္ပဏီတွင် Airbus ၏ ရင်းနှီးမြှုပ်နှံမှုသည် ကြီးလေးသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများ ရှိကြောင်း အထောက်အထားများနှင့် လူထုဝေဖန်ရှုတ်ချမှုများ မြင့်တက်လာနေသော်လည်း Airbus သည် မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်း မရှိသယောင် လူသိရှင်ကြား ငြင်းဆိုထားသည်ဟု Justice For Myanmar က ဆိုသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူ့အခွင့်အရေးလို့ပြောပြီး အကျိုးစီးပွားနဲ့ပတ်သက်လာရင် သူတို့ ပြောပြောနေတဲ့ လူ့အခွင့်အရေးဆိုတာလည်း မရှိတော့ဘူး။ ပြည်သူလူထုကို စစ်ကောင်စီက အဆင်အခြင်မဲ့ သတ်ဖြတ်နေတာတွေကို တားမြစ်ပေးဖို့ မြန်မာပြည်သူတစ်ရပ်လုံးက တောင်းဆိုနေပေမယ့် ဘာမှမပြောင်းလဲဘူး။ ဒီလိုဆက်ပြီး မသိကျိုးကျွံပြုနေမယ်ဆိုရင် မြန်မာပြည်သူတွေ ထပ်ပြီး သေဆုံးနေရအုံးမယ် ” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

နိုင်ငံတဝန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာပြုလုပ်ခဲ့ပြီး အရပ်သားအနည်းဆုံး ၁,၇၄၉ ဦးသေဆုံးခဲ့ကာ ထိုကျူးလွန်မှုအတွက် စစ်ကောင်စီသည် အပြစ်ပေးအရေးယူခံရခြင်းမှ လွတ်ကင်းလျက်ရှိကြောင်း Justice For Myanmarက ပြောဆိုထားသည်။