စစ်ကောင်စီကြောင့် ၁၀ လတွင်း အမျိုးသမီး ၂၀၀ ကျော် သေဆုံး

သေဆုံးမှုထဲတွင် စစ်ကိုင်းတိုင်း၌ ၆၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် ၄၆ ဦးဖြင့် ဒုတိယ အများဆုံးဖြစ်ကာ  ယင်းအထဲ ၁၈ နှစ်အောက် သေဆုံးသူ ၃၀ ဦး ပါဝင်သည်။ 

By Admin 17 Oct 2024

အောက်တိုဘာ ၁၀ ရက်က စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ကျောက်တော်မြို့တွင် အမျိုးသမီးများအပါအဝင် ဒေသခံ ၃၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့သည်။ ဓာတ်ပုံ - CJ
အောက်တိုဘာ ၁၀ ရက်က စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ကျောက်တော်မြို့တွင် အမျိုးသမီးများအပါအဝင် ဒေသခံ ၃၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့သည်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၁၇

နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယခုနှစ် ဇွန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ၁၀ လကျော်အတွင်း အမျိုးသမီး ၂၂၆ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးမှုထဲတွင် စစ်ကိုင်းတိုင်း၌ ၆၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် ၄၆ ဦးဖြင့် ဒုတိယ အများဆုံး ဖြစ်ကာ အခြားတိုင်းနှင့် ပြည်နယ်များ ပါဝင်နေသည်။ ယင်းအထဲ ၁၈ နှစ်အောက် သေဆုံးသူ ၃၀ ဦး ပါဝင် ကြောင်း AAPP က ဆိုသည်။

စစ်ရေးအရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် နိုင်ငံတဝန်းက ပြည်သူများကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဖမ်းဆီးတရားစွဲဆိုမှု၊ သတ်ဖြတ်မှုများ နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိနေသဖြင့် အမျိုးသမီးများမှာ လုံခြုံမှု ကင်းမဲ့နေရကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။

" တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေက အဘက်ဘက်မှာ အဆိုး ရွားဆုံးနဲ့ အနိမ့်ဆုံး အခြေအနေကို ရောက်လာနေတယ်။ ဒီအထဲမှာ အမျိုးသမီးတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာ အဆိုးရွာဆုံး အခြေအနေတွေဖြစ်လာတာကို တွေ့ရတယ် " ဟု မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) အထွေထွေ အတွင်းရေးမှု နော်ခင်စန်းထွေးက DMG နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

အလားတူ တိုက်ပွဲပြင်းထန်နေသော ရခိုင်ဒေသတွင်လည်း စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ရာဇာဝတ်မှုများ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ်၊ ပေါက်အင်းရွာကို လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ အမျိုးသီး ၂ ဦးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်က စစ်ရှောင်အမျိုးသမီးတစ်ဦးက " သူတို့ (စစ်ကောင်စီ) တွေကြောင်း ကျမတိုလည်း အိုးအိမ် စွန့်ခွာပြီး နေရတယ်။ လူတွေအများကြီး လက်နက်ကြီးကျရောက်လို့ မတရားသေကြရတယ်။ ဒါတွေကို ကျမတို့ ဘာမှာ လုပ်လို့ မရတဲ့အခါ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အပြစ်ပေးစေချင်တယ်။ အရပ်သားတွေကို ပစ်မှတ်မထားဖို့ ဟန့်တားပေးစေချင်ပါတယ်" ဟု ပြောသည်။

နိုင်ငံတဝန်းစစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ အရပ်သားများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဦးတည်တိုက်ခိုက်နေသောကြောင်း ပြည်သူများမှာ ကျီးလန့်စာစား ဘဝနှင့် ရှင်သန်နေကြရသည်။