- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံတဝန်းတွင် လစဉ် အရပ်သား ရာနဲ့ချီသေဆုံးနေ
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ခြောက်လကျော်အတွင်း နိုင်ငံတဝန်းတွင် အရပ်သား ၆၃၃ ဦး သေဆုံးခဲ့ကြောင်း AAPP ၏ ဒီဇင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
21 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံတဝန်းတွင် တိုက်ပွဲ အရှိန်မြင့်တက်လာသည်နှင့်အမျှ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု စသည်တို့ကြောင့် တစ်လလျှင် အရပ်သားသေဆုံးသူ ပျမ်းမျှအားဖြင့် ၁၀၀ ခန့် ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောင့်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ခြောက်လကျော်အတွင်း နိုင်ငံတဝန်းတွင် အရပ်သား ၆၃၃ ဦး သေဆုံးခဲ့ကြောင်း AAPP ၏ ဒီဇင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
သေဆုံးမှုတွင် အမျိုးသမီ ၂၄၃ ဦးနှင့် အမျိုးသား ၃၉၀ ဦးပါဝင်သည်။ ယင်းအထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၉၀ ဦးနှင့် အသက် ၆၀ အထက် သတ်ဖြတ်ခံရသူ ၇၉ ဦးပါဝင်ပြီး သေဆုံးမှုထဲတွင် ကလေးငယ် အများဆုံး ပါဝင်နေသည်။ အဆိုပါ သေဆုံးမှုထဲ စစ်ကိုင်းတိုင်းသည် ၁၄၀ ဦးနှင့် အများဆုံးဖြစ်နေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈ နှစ်အရွယ် မသန္တာဖြိုး ကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ဖော်ပြသည်။
“စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတခွင်လုံးမှာ ဒီဗုံးကြဲတဲ့လုပ်ရပ်ကိုတော့ တစိုက်မတ်မတ် ပိုလုပ်တာကို တွေ့ရတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်တာတွေကို နိုင်ငံတကာအနေနဲ့လည်း ထိထိရောက် လုပ်တာတော့ သိပ်မတွေ့သေးဘူး” ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က ပြောသည်။
နိုင်ငံတဝန်က မြို့ပေါင်း ၈၆ မြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားပြီး လက်ရှိ အချိန်ထိ နေရာ အနှံ့ တွင် တိုက်ပွဲအရှိန် ဆက်လက်မြင့် တက်နေဆဲဖြစ် ကြောင်းကို BNI ၏ အစီရင်ခံစာများတွင် တွေ့ရသည်။
ထို့အတူ ရခိုင်ဒေသအတွင်လည်း လစဉ်တိုက်ပွဲဖြစ်ပွားမှု မြင့်တက်နေဆဲဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုလည်း နေစဉ် မြင့်တက်နေသည်။
ဒီဇင်ဘာ ၁၉ နေ့ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ထဲသို့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သသို့ အရပ်သားနေအိမ်၊ အဆောက်အဦး ၊ ကျေးရွာ စသည့် ဦးတည်ပြီး စစ်ကောင်စီမှ လေကြောင်း လက်နက်ကြီးများနှင့် ပစ်ခတ်နေသောကြောင့် ဒေသခံများမှာ အကြောက်တရားနှင့် ရှင်သန်နေကြရသည်။
“ စစ်ကောင်စီတပ်တွေ မရှိတော့ပေမဲ့ နေဗီကတွေက လက်နက်ကြီးလှမ်းပစ်တာတွေ၊ လေကြောင်းကနေပြီး လာ ရောက်ပစ်ခတ်တာတွေရှိနေသေးတော့ ကျမတို့ အသက်အန္တရာယ် အတွက် တကယ်ကို စိုးရိမ်ရတယ်။ လက်နက်ကြီး ပစ်တဲ့နေ့ဆိုရင် ကြောက်စိတ်တွေနဲ့ အိပ်လို့မရဘူး ” ဟု ရသေ့တောင် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်တွင်လည်း ကျောက်ပန္ဒူကမ်းခြေအနီး ဘင်္ဂလားပင်လယ်ပြင်ရှိ စစ်ကောင်စီ နေဗီ ကမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာမှ ဒေသခံ၂ ဦး ဒဏ်ရခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစပြီး ၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်အထိ လေးနှစ်နီးပါးအတွင်း စစ်ကောင်စီ၏ လက် ချက်များကြောင်း နိုင်ငံတဝန်းတွင် အရပ်သား ၆,၀၆၇ ဦး သေးဆုံးခဲ့ကြောင်း AAPP စာရင်းအရသိရသည်။