- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
သံတွဲဒေသခံများ အသုံးများသည့် ကင်းမော်-ဆင်ခေါင်းရေလမ်းကို စစ်ကောင်စီပိတ်ဆို့
သံတွဲမြို့နယ်အတွင်း ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်ရာနှင့် ကျန်းမာရေးကိစ္စများတွင် အသုံးပြုနေသည့် ကင်းမော်-ဆင်ခေါင်း ရေလမ်းကြောင်းကို မေလ ၂၀ ရက်မှစ၍ စစ်ကောင်စီက သွားလာခွင့်ပိတ်ဆို့လိုက်သည်။
21 May 2024
DMG ၊ မေ ၂၁
သံတွဲမြို့နယ်အတွင်း ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်ရာနှင့် ကျန်းမာရေးကိစ္စများတွင် အသုံးပြုနေသည့် ကင်းမော်-ဆင်ခေါင်း ရေလမ်းကြောင်းကို မေလ ၂၀ ရက်မှစ၍ စစ်ကောင်စီက သွားလာခွင့်ပိတ်ဆို့လိုက်သည်။
အဆိုပါလမ်းမှာ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ရွှေလှေတိုက်နယ်အပါအဝင် သံတွဲ-တောင်ကုတ် ကားလမ်းရှိ ကျေးရွာများမှဒေသခံများ မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရာနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရ အရပ်သားများကို ဆေးရုံသို့ပို့ဆောင်ရာတွင် အသုံးများသည်။
“ကင်းမော်- ဆင်ခေါင်းရေလမ်းကြောင်းကို မနေ့ကတည်းက စစ်ကောင်စီက ပိတ်လိုက်တာ။ ဒီနေ့မနက်လည်း ဆင်းခေါင်းဖက်ကလာတဲ့ စက်လှေတွေကို စစ်တပ်က ကမ်းကပ်ခွင့်မပေးဘူး။ အဓိကတော့ စစ်ကောင်စီက စစ်ရှောင်တွေ၊ ဒဏ်ရာရလူနာတွေနဲ့ ဒေသခံပြည်သူတွေကို တမင်ကိုဖိနှိပ်ချင်လို့ ပြည်သူတွေ အသက်လုပြီး သွားလာနေကြတဲ့ လမ်းကို ပိတ်လိုက်တာဖြစ်တယ်” ဟု ကင်းမော်ကျေးရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက ရေလမ်းပိတ်ဆို့ထားသဖြင့် တိုက်ပွဲကြားမှ ထွက်ပြေးလာကြသည့် ရာနှင့်ချီသော စစ်ရှောင်များမှာ သံတွဲမြို့ပေါ်သို့ သွားခွင့်မရဘဲ ကျေးရွာအချို့တွင် သောင်တင်ပိတ်မိနေကြသည်။
သံတွဲဒေသခံ စစ်ရှောင်တစ်ဦးက “တိုက်ပွဲဒေသက စစ်ရှောင်တွေနဲ့ ထိခိုက်ဒဏ်ရာရလူနာတွေကို ဒီလမ်းကပဲ သံတွဲကို ပို့ဆောင်နေကြရတာ။ အခုဒီလမ်းကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားလိုက်တော့ စစ်ရှောင်လာတဲ့ ပြည်သူတွေ မြို့ကိုသွားမရဘဲ လမ်းမှာ ပိတ်မိနေကြတာတွေရှိကြတယ်” ဟု ပြောသည်။
သံတွဲမြို့နယ်မြောက်ပိုင်း၌ ဧပြီလ ၁၃ ရက်တွင် တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိတွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ တိုက်ပွဲကာလ အရပ်သားကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံသေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရသူ အများအပြားရှိနေသည်။
သံတွဲမြို့နယ်တွင် တိုက်ပွဲကာလ တစ်လကျော်ကြမြင့်လာသည်နှင့်အမျှ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံ ၂၀,၀၀၀ ကျော်အထိရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်လည်း မြင့်တက်လာနေသည်။