- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ဒီဂျစ်တယ် ငွေကြေး စနစ် MMQR ကို စစ်ကောင်စီ စတင်အသုံးပြု
မြန်မာ QR စနစ်ကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ ဝန်ထမ်းများလစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် ငွေကြေးဆိုင်ရာကဏ္ဍအသီးသီး၌ အသုံးပြုသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
28 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်အဆင့် ဒီဂျစ်တယ် ငွေပေးချေမှုစနစ် MMQR စနစ်ကို စတင်အသုံးပြုနေကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ စနစ်သည် မြန်မာနိုင်ငံ ငွေကြေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာ QR စနစ်ကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ ဝန်ထမ်းများလစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် ငွေကြေးဆိုင်ရာကဏ္ဍအသီးသီး၌ အသုံးပြုသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက “ မြန်မာနိုင်ငံရဲ့ ငွေပေးချေမှု စနစ်ကို ပြည်သူတွေ အားလုံး ပါဝင်လာနိုင်ဖို့ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲတာလျှော့ချပြီး ဒစ်ဂျစ်တယ်ပေးချေမှုတွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ နိုင်ငံကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ခရီးသွားလုပ်ငန်းနဲ့ ပြည်ပငွေလွှဲဆိုင်ရာ ကိစ္စရပ်တွေ အဆင်ပြေနိုင်ဖို့ အသုံးပြု မှာဖြစ်တယ်” ဟု ပြောထားသည်။
MMQR စနစ်တွင် ငွေပမာဏ အများအပြား လွှဲပြောင်းမှုအတွက် CBM - NET System RTGS စနစ် ပမာဏ အနည်းငယ်အတွက် CBM - System ACH စနစ် QR အသုံးပြုငွေပေးချေမှုများအတွက် Digital Payment Switch ဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။
အသုံးပြုသူများသည် တစ်ဦးချင်း ငွေပေးချေလိုလျှင် တစ်ကြိမ် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ဆိုင်ကြီးများသို့ ငွေပေးချေလိုလျှင် တစ်နေ့ကျပ်သိန်း ၁၀၀ အများဆုံး ခွင့်ပြုထားသည်။
မိုဘိုင်းငွေကြေး စာရင်းတွင် လက်ကျန်ငွေ အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ ထားရန်၊ ကျပ်သိန်း ၁၀၀ ကျော်လျှင် ဘဏ်စာရင်းနှင့် ချိတ်ဆက်ပြီး နေ့စဉ် ဘဏ်စာရင်းသို့ ရွှေ့ပြောင်းရန်တို့ဖြစ်ပြီး ကျပ်သိန်း ၁၀၀ အထိ ငွေပေးချေမှုအတွက် CBM - NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကာ ကျပ်သိန်း ၁၀၀ နှင့် အထက်ဆိုလျှင် CBM - NET System B2B Function ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
ကုန်သည်များအတွက် MMQR စနစ်အား မှတ်ပုံတင်ရာတွင် အချက်အလက်မှန်ကန်မှု ရှိစေရေး စိစစ်ရန်နှင့် ကုန်သည်ဖြစ်ကြောင်း ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရေးတို့ သတ်မှတ်ထားသည်။
စစ်ကောင်စီ၏ ဝန်ထမ်းများအတွက် ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေပေးချေမှု လုပ်ပိုင်ခွင့်ရရှိသူများတွင် စစ်ကောင်စီရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်ကလည်းကောင်း၊ အစိုးရအဖွဲ့ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ်များ ပါဝင်သည်။
စစ်ကောင်စီ ဗဟိုဘဏ်က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ငွေကြေးဖောင်းပွမှုနှင့် ငွေကျပ် ဘီလီယံ ပေါင်းများစွာ ရိုက်ထုတ်ခြင်းမှ ရှောင်ရှားနိုင်ရန် ပြည်သူများ ဒီဂျစ်တယ်ငွေကြေးနှင့် ဒီဂျစ်တယ်ငွေပေးချမှုများ အသုံးပြုရန် အမိန့်တစ်ရပ် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ အနေဖြင့် ဒီဂျစ်တယ်ငွေကြေး စနစ်ကို အသုံးပြုရန် ကြိုးပမ်းလာခြင်းသည် ငွေသားရိုက် ထုတ်ခြင်းလျော့ချပြီး ကုန်ဈေးနှုန်းတက်သည့် ပြဿနာအားဖြေရှင်းခြင်းဖြစ်သော်လည်း စီးပွားရေး တိုးတက်လာခြင်းမရှိလျှင် သက်ရောက်မှု မရှိနိုင်ဟု စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။
“အဓိက ရည်ရွယ်ချက်ကတော့ ငွေသားရိုက်ထုတ်တာလျော့ပြီး ကုန်စျေးနူန်း တက်တဲ့ ပြဿနာ ဖြေရှင်းချင်တာ လို့ထင်တယ် ဒါပေမဲ့ ဒီပေးချေမှု စနစ်တစ်ခုတည်းနဲ့ ကုန်စျေးနူန်းတက်တာကို ဖြေရှင်းမပေးနိုင်ပါဘူး။ ဒီဟာက အခုသုံးနေကြတဲ့ K-Pay၊ Wave Pay တို့ သိပ်မကွာပါဘူး။ လက်ရှိ နိုင်ငံရေးအခြေအနေအရဆိုရင် ဒီစနစ်က မြန် မာနိုင်ငံ စီးပွားရေးအပေါ်မှာ ကြီးကြီးမားမား ဘာမှသက်ရောက်မှာ မဟုတ်ဘူး ” ဟု အမေရိကန် ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်) လေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင်က သုံးသပ်သည်။
လက်ရှိ မြန်မာနိုင်ငံ နေရာအများအပြားတွင် စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်ဖြစ်မည်မဟုတ်ဘဲ ပြည်သူများအနေဖြင့် ငွေသား၊ ရွှေ စသည့် တန်ဖိုးရှိ ပစ္စည်းများကိုသာ ကိုင်ထားသင့်ကြောင်း ရှုမြင်ကြသည်။
MMQR စနစ်အား စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားမည်ဖြစ်၍ သုံးစွဲသူများ အချက်အလက်များ စစ်ကောင်စီလက်ထဲ ရောက်ရှိနိုင်ခြင်းကြောင့် သတိထားသုံးစွဲရမည်ဖြစ်ကြောင်း ထောက်ပြမှုများရှိနေသည်။
ပြည်သူများအနေဖြင့် လက်ရှိအသုံးပြုနေသည့် KBZ-Pay၊ Wave Money စသည့် ပုံမှန်အသုံးပြု ဒီဂျစ်တယ် စနစ် တို့ကိုသာ ပုံမှန်အသုံးပြုပြီး စစ်ကောင်စီ အလုံးစုံထိန်းချုပ်သည့် MMQR စနစ်ကို ရှောင်နိုင်သည်။
MMQR စနစ် အသုံးပြုသူများအနေဖြင့် စစ်ကောင်စီ ဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များအား လိုက်နာရန်လိုအပ်ပြီး လိုက်နာမှုမရှိပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းကာ စစ်ကောင်စီက ငွေသားအများအပြား ရိုက်ထုတ်နေခြင်းကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်သည့် ဒဏ်ကို မြန်မာပြည်သူများ ခံနေကြသည်။