- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ဒေသတွင်း စားသုံးသူများ၍ ကြံအရောင်းအဝယ် ကောင်းနေ
လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသအတွင်း ပြည်မဘက်မှ ကုန်စည်များဝင်ရောက်မှုမရှိ၍ ဒေသထွက်ကုန်များကိုသာ အဓိက ဝယ်ယူစားသုံးလာကြသဖြင့် ဈေးကွက်တစ်ခု ဖြစ်ထွန်းနေသည်။
28 Oct 2024
DMG ၊ အောက်တိုဘာ၂၈
ရခိုင်ဒေသ စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်သော ကြံကို စားသုံးသူများ၍ အရောင်းအဝယ်ကောင်းနေသဖြင့် ကြံတောင်သူများမှာ လုပ်ငန်းလည်ပတ်မှု အဆင်ပြေနေကြကြောင်း သိရသည်။
ယခင်နှစ်က ဈေးကွက်မရှိ၍ ကြံစိုက်ပျိုးသူနည်းပါးခဲ့ပြီး ယခုနှစ်တွင် ကြံစိုက်ပျိုးသူတိုးလာကာ ဈေးကောင်းလည်း ရရှိကြောင်း တောင်သူများက ပြောကြသည်။
ကျောက်တော်မြို့နယ်မှ ကြံစိုက်ပျိုးသူတစ်ဦးက " အရင်နှစ်တွေထက်စာရင်တော့ ဒီနှစ်မှာ ပိုအဆင်ပြေတယ်။ အခု ကြံခုတ်ရမဲ့ အချိန်တောင် မရောက်သေဘူး။ ဒါပေမဲ့ ဝယ်ယူသူတွေက ရောက်နေကြပြီ။ ဈေးကလည်း အရင်နှစ်တွေထက် ပိုရတယ်" ဟု ပြောသည်။
ယခုနှစ်က ကြံတစ်ပင်လျှင် ငွေကျပ် ၅၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင် ကြံတစ်ပင်လျှင် ငွေကျပ် ၁,၀၀၀ အထိ ဈေးရရှိနေခြင်းဖြစ်သည်။
လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသအတွင်း ပြည်မဘက်မှ ကုန်စည်များဝင်ရောက်မှုမရှိ၍ ဒေသထွက်ကုန်များကိုသာ အဓိက ဝယ်ယူစားသုံးလာကြသဖြင့် ဈေးကွက်တစ်ခု ဖြစ်ထွန်းနေသည်။
"အခုက ပိုက်ဆံတစ်ထောင်နဲ့ မုန့်ပဲသရေစာတစ်ခုဝယ်စားမယ်ဆိုရင်လည်း မရနိုင်ဘူး။ ဒါကြောင့် ဈေးချိုချိုနဲ့ အများစားလို့ရနိုင်တဲ့ အရာကိုဝယ်စားဖြစ်တယ်။ ကြံတစ်ပင်ဆိုရင် သုံးယောက်လောက်စားလို့ရတယ်။ ကလေးတွေလည်း ကြိုက်တော့ အဆင်ပြေတယ်" ဟု မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ အမ်းမြို့နယ်တို့တွင် ကြံစိုက်ပျိုးကြပြီး ရခိုင်ပြည်အနှံ့ တင်ပို့ရောင်းချသည်။ ဒေသတွင်း စစ်ရေးကြောင့် ကြံအများအပြားစိုက်ပျိုးသည့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသတွင် ကြံခုတ်လှဲရောင်းချမှု မလုပ်နိုင်ကြပေ။
"အရင်တုန်းကလို စစ်တွေတို့ကို ကြံတွေမတင်ပို့နိုင်ပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်ဒေသတွေမှာ လည်ပတ်မှု ရှိနေတယ်။ ဝယ်ယူမှုကလည်း ကောင်းတယ်။ စားသုံးသူလည်းများတော့ ဈေးကွက်တစ်ခုဖြစ်နေတယ်" ဟု ကြံအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ရခိုင်ဒေသသည် ရေခံမြေခံကောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာလုပ်ကိုင်နိုင်သော်လည်း နည်းပညာအခက်အခဲ၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်အာမခံချက်မရှိ၍ စိုက်ပျိုးရေးလုပ်ငန်းများ ကျဆင်းနေရသည်။
စိုက်ပျိုးရေးလုပ်ငန်းမှာ ဒေသအတွက် များစွာအကျိုးပြုသည့်အပြင် လူမှုစီးပွားဘဝကိုပါ ဖွံ့ဖြိုးတိုးတက်စေ၍ ရခိုင်စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ဦးမော့ရေး အစီအမံများရေးဆွဲလုပ်ဆောင်သင့်ကြောင်း တောင်သူများက ပြောဆိုနေကြသည်။