တောင်ဖျားချောင်းဒေသရှိ စစ်ဘေးရှောင်တစ်သောင်းကျော် အကူအညီလိုအပ်နေ

စစ်ရေးပဋိပက္ခကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း ဒေသခံပြည်သူများမှာ တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ခိုလှုံနေကြပြီး နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများထံမှ အကူအညီမရသဖြင့် အခက်အခဲဖြစ်နေကြသည်။ 

By Admin 25 May 2024

တောဖျားချောင်းဒေသ ပိုးရွှီပြင်ရွာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်ကလေးငယ်များ။ 
တောဖျားချောင်းဒေသ ပိုးရွှီပြင်ရွာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်ကလေးငယ်များ။ 

DMG ၊ မေ ၂၅

ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း တောဖျားချောင်းဒေသတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်တစ်သောင်းကျော်မှာ နေအိမ်အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ကျန်းမားရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

စစ်ရေးပဋိပက္ခကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း ဒေသခံပြည်သူများမှာ တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ခိုလှုံနေကြပြီး နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများထံမှ အကူအညီမရသဖြင့် အခက်အခဲဖြစ်နေကြသည်။ 

“မိုးတွင်းကိုရောက်တော့မယ် အမိုးအကာကအစ ဘာတစ်ခုမှ အဆင်သင့်မရှိသေးဘူး။ နေရပ်ပြန်ရဖို့ကလည်း ကြာအုံးမယ်။ ဆေးဝါးတွေ၊ စားသောက်ကုန်ကအစ ပြတ်လပ်နေတယ်”ဟု စစ်တွေမြို့နယ်၊ အုန်းရေပေါ်ကျေးရွာမှ စစ်ဘေးရှောင် ဒေါ်မခင်ဆန်းက ပြောသည်။

၎င်းတို့မှာ စစ်တွေမြို့နယ် အုန်းရေပေါ်၊ ညိုရောင်ချောင်း၊ ဝါဘို၊ ချီလည်ဖင်း၊ ကြွီတဲ စသည့် ကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့နှင့် အနီးနားကျေးရွာများမှဖြစ်ကြပြီး စစ်ရှောင်နေသည်မှာ လေးလနီးပါးကြာ မြင့်လာပြီဖြစ်သည်။

ရက်ကြာလာသည်နှင့်အမျှ ပါလာသည့်ငွေကြေးအချို့လည်း စားသောက်နေထိုင်းရင်း ကုန်ဆုံးသွားကာ လက်ရှိတွင် ချေးငှားပေါင်နှံ စားသောက်နေရကြောင်း ဆိုသည်။

တောဖျားဒေသမှာ မြို့နှင့်အလှမ်းဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်။ လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာနှင့် အလှူရှင်အဖွဲ့များကို ရခိုင်ဒေသသို့ ဝင်ရောက်ကူညီခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်များမှာ ပို၍အထိနာနေကြသည်။ 

တောဖျားဒေသမှ ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က နိုင်သလောက် ကူညီတာတော့ရှိတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်များတော့ အရာမထင်ဘူး။ နိုင်ငံတကာအဖွဲ့တွေက ထိရောက်တဲ့ အကူအညီပေးမှ ဒီစစ်ဘေးရှောင်းတွေ အသက်ရှူချောင်လိမ့်မယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များထဲတွင် သက်ကြီးပိုင်း၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါနေသဖြင့် ကျန်းမားရေးစောင့်ရှောက်မှု ပိုပြီးလိုအပ်နေကြောင်း ပြောဆိုကြသည်။

စံကားကျေးရွာအုပ်ချုပ်ရေးမှူးက “ကျနော်တို့ရွာမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ လောက်ရှိတယ်။ ရွာသားတွေအနေနဲ့လည်း သူတို့နေထိုင်စားသောက်ဖို့အတွက် အလုံးစုံတာဝန်ယူပြီး မလုပ်ပေးနိုင်ဘူး။ ဒါကြောင့် မိုးမရောက်မီ ကူညီကယ်ဆယ်အဖွဲ့တွေ အမြန်ဆုံးရောက်စေချင်တယ် ” ပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နေရပ်စွန့်ခွာနေကြသော စစ်ဘေးရှောင် ၅၄,၀၀၀ ကျော်ရှိကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ သိရသည်။