မြေမြှုပ်မိုင်းနင်းမိ၍ သံတွဲဒေသခံတစ်ဦး သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ အလယ်ရွာကျေးရွာမှ အမျိုးသားတစ်ဦးမှာ ဇွန်လ ၁၇ ရက်က ရွာအနီးရှိ ဉယျာဉ်ခြံသို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။ 

By Admin 18 Jun 2024

မြေမြှုပ်မိုင်းနင်းမိ၍ သံတွဲဒေသခံတစ်ဦး သေဆုံး

DMG ၊ ဇွန် ၁၈

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ အလယ်ရွာကျေးရွာမှ အမျိုးသားတစ်ဦးမှာ ဇွန်လ ၁၇ ရက်က ရွာအနီးရှိ ဉယျာဉ်ခြံသို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

“ဥယျာဉ်ကို ဟင်းခူးဖို့သွားတာ။ ဒဏ်ရာကပြင်းတော့ သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

သေဆုံးသွားသူမှာ အသက် (၆၀) ကျော်အရွယ် ဦးမောင်စိုးဖြစ်သည်။ 

မိုင်းနင်းမိသည့်နေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးနေထိုင်ခဲ့ကြပြီး ဇွန်လ ၂ ရက်က အာရက္ခတပ်တော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။ 

အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်သည့် နေရာများတွင် မိုင်းကြောင့် သေဆုံးမှုများရှိလာနေ၍ ဒေသခံများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်ကြောက်လန့်နေကြသည်။

“ဒေသခံတွေ အသက်မွေးဝမ်းကျောင်းပြုတဲ့ နေရာတွေမှာ မိုင်းထောင်တာတွေ မလုပ်ဖို့ပြောချင်တယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ကိုင်စားသောက်ရင်း အသက်တွေသေဆုံးနေရတယ်” ဟု သံတွဲမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားသေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂ ဦးရှိသည်။