ထရမ့်အမိန့်ကြောင့် မြန်မာ မီဒီယာများအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာ

ထိုသက်ရောက်မှုများကြောင့် မြန်မာသတင်းဌာနများတွင် ဝန်ထမ်းများကို ယာယီလျော့ချခြင်း၊ လစာလျော့ချခြင်းနှင့် ထောက်ပံ့မှုများ ရပ်တန့်ခြင်း စသည့် ရိုက်ခတ်မှုများ ရှိလာနေသည်ဟု Western News သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုက ပြောသည်။ 

By Admin 22 Mar 2025

ပုံစာ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာရှင် ဆန္ဒပြပွဲတွင် သတင်းယူနေသည့် ရန်ကုန်မြို့က သတင်းထောက်များ။ ဓာတ်ပုံ- RFA
ပုံစာ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာရှင် ဆန္ဒပြပွဲတွင် သတင်းယူနေသည့် ရန်ကုန်မြို့က သတင်းထောက်များ။ ဓာတ်ပုံ- RFA

DMG ၊ မတ် ၂၂ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဒုတိယအကြိမ် သမ္မတဖြစ်ပြီးနောက် အမေရိကန် အစိုးရမှ ထောက်ပံ့ပေးထားသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီအဖွဲ့ (USAID) အပါအဝင် ကမ္ဘာကို ထောက်ပံ့ပေးနေသည် ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်း အားလုံးကို ရပ်နားလိုက်သည်။

အမေရိကန်အစိုးရသည် (USAID) အပါအဝင် ၎င်းတို့ထောက်ပံ့ပေးထားသည့် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပညာရေး စီမံကိန်းအားလုံးကို ဇန်နဝါရီလကုန်ပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပြီး ရပ်ဆိုင်းခဲ့သလို ၎င်းတို့၏ ဝန်ထမ်းအချို့ကိုလည်း အလုပ်မှ ရပ်နားခဲ့သည်။

ထိုသို့ ဖွံ့ဖြိုးမှုစီမံကိန်းများ ရပ်တန့်လိုက်ပြီးနောက်တွင် မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာများနှင့် ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည့် မြန်မာမီဒီယာများအပေါ်တွင်လည်း ကြီးမားသည့် သက်ရောက်မှုများ ရှိလာနေခြင်း ဖြစ်သည်။ 

ထိုသက်ရောက်မှုများကြောင့် မြန်မာသတင်းဌာနများတွင် ဝန်ထမ်းများကို ယာယီလျော့ချခြင်း၊ လစာလျော့ချခြင်းနှင့် ထောက်ပံ့မှုများ ရပ်တန့်ခြင်း စသည့် ရိုက်ခတ်မှုများ ရှိလာနေသည်ဟု Western News သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုက ပြောသည်။ 

“USAID ရပ်တန့်လိုက်တဲ့အတွက် တချို့သတင်းဌာနတွေကတော့ ရပ်တည်ဖို့ မရေရာ မသေချာမှုတွေ ဖြစ်နေကြတယ်။ USAID က ရာနှုန်းပြည့်ထောက်ပံ့ပေးထားတဲ့ သတင်းဌာနတွေ ရှိတယ်။ တချို့ ၃၀ သို့မဟုတ် ၄၀ ရာခိုင်နှုန်း အထောက်အပံ့ရရှိထားကြတာတွေလည်း ရှိကြတယ်။ အခု USAID က ရပ်တန့်လိုက်တဲ့အတွက် ဘာတွေရိုက်ခတ်သွားလဲဆိုတော့ ဝန်ထမ်းတွေရဲ့ လစာတွေ၊ ရုံးဌားခတွေက တော်တော်လည်းကို ရိုတ်ခတ်သွားတယ်” ဟု ၎င်းက ပြောသည်။

USAID အပါဝင် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုများ ရပ်တန့်လိုက်ခြင်းသည် နိုင်ငံတဝန်းရှိ ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို များစွာထိခိုက်နိုင်သလို စစ်အာဏာရှင် အကြိုက်ဖြစ်သွားနိုင်သည်ဟု ကိုဝဏ္ဏခွာညိုက ဆက်ပြောသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ကြောင်း မြန်မာနိုင်ငံတွင်ရှိသည့် မီဒီယာတိုက်များသာမကဘဲ ကမ္ဘာတဝန်းလုံးမှ ဖွံ့ဖြိုးမှုနောက်ကျနေသည့် နိုင်ငံတိုင်းက ပြည်သူများအတွက် ထိခိုက်မှုရှိနိုင်သည်ဟု ရန်ကုန်အခြေစိုက် သတင်းဌာနတစ်ခုက အယ်ဒီတာတစ်ဦးက ပြောသည်။

“ခြုံပြီးတော့ ပြောရရင် အခုကြုံရတဲ့ ထရမ့်မူဝါဒကြောင့် မြန်မာသတင်းမီဒီယာ ဖွံ့ဖြိုးရေးကို ထိခိုက်စေတာ အမှန်ပါပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စိန်ခေါ်မှုတွေကြံရတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ကျနော်တို့ မီဒီယာသမားတွေဟာလည်း ဒီလို အကြပ်အတည်းကြားကနေပဲ အခွင့်အလမ်းရှာကြံပြီး လူထုရဲ့ သိပိုင်ခွင့်ကို ဆက်လက်ဖော်ဆောင် ပေးကြအုံးမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

USAID နှင့် မီဒီယာဖွံ့ဖြိုးရေး ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ပြီးနောက် အလုပ်နားခံလိုက်ခြင်းခံလိုက်ရသည့် မြန်မာသတင်းသမား အချို့မှာလည်း လက်ရှိ ထိုင်းနိုင်ငံအတွင်း ကြုံရာကျပန်အလုပ်များကို လုပ်ကိုင်နေကြရသည်ဟု ထိုင်းနိုင်ငံမှာ အခြေစိုက်နေကြသည့် မီဒီယာသမားများက ပြောသည်။

၂၀၂၄ ခုနှစ်အတွင်းတွင် USAID က မြန်မာနိုင်ငံရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီနှင့် မီဒီယာအခန်းကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၉၃)သန်းကျော်ကို ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

USAID ရပ်တန့်မှုသည် မြန်မာ့မီဒီယာလောကအပေါ် ရိုက်ခတ်မှုရှိသည့်အပြင် လွတ်လပ်သည့် သတင်းဌာနများမှ ရရှိနိုင်သည့် သတင်းအချက်အလက်များကို ဆုံးရှုံးနိုင်ပြီး ပြည်သူများအပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်သည်ဟု Myanmar Internet Project က မီဒီယာတာဝန်ရှိသူ ဦးဟန်က ပြောသည်။

“နောက်ဆက်တွဲ အနေနဲ့တော့ လွတ်လပ်တဲ့ သတင်းဌာနတွေက ရနိုင်တဲ့ အကျိုးရှိတဲ့ အချက်အလက်တွေဟာ သတင်းစီးဆင်းမှုထဲမှာ မရှိတော့တဲ့ အခါကျရင် သတင်းတု၊ သတင်းအမှားတွေက သတင်းစီးဆင်းမှုမှာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပြီး လူထုရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လာနိုင်တယ်။ စီးပွားရေးမှာလည်း ထိခိုက်လာနိုင်သလို ပညာရေးမှာ ထိခိုက်လာနိုင်ပြီး နေ့စဉ်ဓူဝ ဘဝမှာလည်း ထိခိုက်လာနိုင်တယ်” ဟု ဦးဟန်က ပြောသည်။

အမေရိကန် အစိုးရက (USAID) တစ်ခုတည်းကို ရပ်တန့်စေခဲ့ခြင်းမဟုတ်ဘဲ အမေရိကန်အသံ (VOA) နှင့် လွတ်လပ်တဲ့ အာရှအသံ (RFA) တွေကိုပါ ငွေကြေးပင်တိုင်ထောက်ပံ့ပေးထားသည့် “အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM)” ၏ ဥပဒေလိုအပ်ချက်အရ အကျုံးမဝင်သည့် လုပ်ငန်းအစိတ် အပိုင်းများကို လျှော့ချရန် သမ္မတထရမ့်က မတ်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းကြောင့် VOA သတင်းဌာနမှာ လုံးဝရပ်တန့်ထားရပြီး RFA မှာလည်း ရေဒီယို ထုတ်လွင့်မှုအပါဝင် အစီအစဉ်အများစုကို လျော့ချခဲ့ရသည်။

အမေရိကန် အစိုးရက မီဒီယာများအပေါ်တွင် ထောက်ပံ့ပေးထားသည့် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းသည်  မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင် ဆန့်ကျင့်ရေးကဏ္ဍကိုလည်း ရိုက်ခတ်မှု ကြီးကြီးမားမားရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိနေကြသည်။