သံတွဲ(မဇင်လေဆိပ်)ကို AA သိမ်းပိုက်၊ ကျန်တပ်ရင်းနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်နေ

လက်ရှိ AA သိမ်းပိုက်ထားသည့် မဇင်လေဆိပ်သည် သံတွဲမြို့နှင့် ၇ မိုင်ခန့်ကွာဝေးပြီး လေဆိပ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

By Admin 24 Jun 2024

သံတွဲ(မဇင်လေဆိပ်)ကို AA သိမ်းပိုက်၊ ကျန်တပ်ရင်းနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်နေ

DMG ၊ ဇွန် ၂၄

စစ်ကောင်စီ ဗျူဟာမှူးကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲပြီး အင်အားအလုံးအရင်းနှင့် ခံစစ်ပြင်ဆင်ထားသည့် သံတွဲလေဆိပ်(မဇင်လေဆိပ်)ကို ဇွန်လ ၂၂ ရက်မှာ အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ AA သိမ်းပိုက်ထားသည့် မဇင်လေဆိပ်သည် သံတွဲမြို့နှင့် ၇ မိုင်ခန့်ကွာဝေးပြီး လေဆိပ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“သံတွဲလေဆိပ်ကို မနေ့က ညနေပိုင်းကတည်းက AA ဖက်က အပြီးသတ်သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီ တပ်သားအချို့နဲ့ စစ်လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်။ တချို့ စစ်ကောင်စီ တပ်သားတွေကလည်း ခမရ ၅၆၆ တပ်ရင်းဖက်ကို ဆုတ်ခွာသွားကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲ(မဇင်လေဆိပ်)ကို AA က သိမ်းပိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

စစ်ကောင်စီ၏ ဝါဒဖြန့် Telegram Channel များမှ သံတွဲလေဆိပ်အနီးတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လေဆိပ်ကို AA က မသိမ်းပိုက်သေးကြောင်း ယနေ့နံနက်ပိုင်းတွင် ဖော်ပြကြသည်။

အာရက္ခတပ်တော် (AA)၏ ထိုးစစ်သည် ဧပြီလ ဒုတိယပတ်အတွင်း သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာအနီးမှ စတင်ခဲ့ကာ လက်ရှိတွင် သံတွဲမြို့အနီးသို့ တဖြည်းဖြည်းရောက်ရှိလာနေသည်။

လက်ရှိတွင် စစ်ကောင်စီ၏ သံတွဲအခြေစိုက် တပ်ရင်းနှစ်ခုဖြစ်သော ခမရ (၅၆၆) နှင့် ခလရ (၅၅) တို့ကို အာရက္ခတပ်တော်က ဝန်းရံတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံနေကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့ ဝင်ဂိတ်တွင် တန်းစီနေသည့် ဒေသခံ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Dwayarwad News

တိုက်ပွဲပြင်းထန်နေမှုကြောင့် သံတွဲမြို့ခံများမှာ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြကာ မြို့အနီးတွင် လူဦးရေအနည်းငယ်သာ ကျန်ရှိတော့ကြောင်း နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။

“သံတွဲမြို့အနီးမှာ တိုက်ပွဲဖြစ်လာတာကြောင့် မြို့ခံတွေကတော့ အကုန်လုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီ။ စစ်ကောင်စီ ဝန်ထမ်းတွေလည်း ပြေးကြတာ။ မြို့တွင်းမှာ ကျန်ခဲ့ကြတဲ့ သူတွေတော့ သိပ်မရှိတော့ဘူး။ တချို့ကလည်း ငွေကြေးမတက်နိုင်ကြတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ အခက်ခဲတွေရှိနေကြတယ်” ဟု ပြောသည်။

ဒေသခံအများစုမှာ ဂွမြို့နယ်ဖက်ကို တိမ်းရှောင်နေကြခြင်းဖြစ်ကာ သံတွဲနှင့် ဂွကို လူတစ်ဦးလျှင် ကားခ ငွေကျပ် ခုနှစ်သောင်းအထိ ဈေးပေါက်နေသည့်အတွက် ငွေကြေးမတက်နိုင်သူများမှာ ထွက်ပြေးရန် အခက်အခဲ ဖြစ်နေကြသည်။

လက်ရှိတိုက်ပွဲများကြောင့် သံတွဲမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၅ သောင်းကျော်အထိ ရှိနိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။