- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
နိုင်ငံတဝန်းမှာ ရွှေးကောက်ပွဲကျင်းပနိုင်မည့် နယ်မြေ ၂၇ ရာခိုင်နှုန်းသာရှိ
နယ်မြေတည်ငြိမ်ရေး၊ လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲအသစ်ကို မြို့နယ် ၁၆၁ မြို့နယ်တွင် ကျင်းပနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီက မျှော်မှန်းထားသည်။
01 Mar 2025

DMG ၊ မတ် ၁
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသော်လည်း နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်မည့် နယ်မြေ ၂၇ ရာခိုင်နှုန်းသာရှိကြောင်း BNI ၏ ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်သည့် ရွေးကောက်ပွဲအသစ် ဖြစ်တန်ချေနှင့် တော်လှန်ရေး၏ လားရာ အစီရင်ခံစာက ဖော်ပြသည်။
နယ်မြေတည်ငြိမ်ရေး၊ လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲအသစ်ကို မြို့နယ် ၁၆၁ မြို့နယ်တွင် ကျင်းပနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီက မျှော်မှန်းထားသည်။
BNI ၏ မှတ်တမ်းအရ မြန်မာနိုင်ငံတဝန်း မြို့နယ် ပေါင်း ၃၃၀ အနက် မြို့နယ်ပေါင်း (၂၄၀) မြို့နယ်တွင် တိုက်ပွဲဖြစ်စဉ်များရှိနေသဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ချေရှိသည့် မြို့နယ်အရေးအတွက်သည် ၁၀၀ အထက်ပင် လျော့နည်းနိုင်ကြောင်း ဖော်ပြသည်။
“တော်လှန်ရေးအင်အားစုတွေထဲက ဒီနှစ်မှာ စစ်ရေးအရ ပိုအရှိန်မြှင့်မယ်၊ ပိုပြီး ရည်မှန်းထားတဲ ပန်းတိုင်တွေရောက်နိုင်ဖို့ကြိုးစားသွားမယ်ဆိုတာမျိုး၊ တကယ်တော့ စစ်ရေးအရသာ အရှိန်မြှင်မယ် ဆိုရင် အခုပြောနေတဲ့ တစ်ရာထက်နည်းတဲ့ မြို့နယ်တွေမှာ စစ်မဖြစ်တဲ့နေရာက ပိုပြီးနည်းသွားနိုင် တယ်။ ပိုပြီးကျုံ့သွားနိုင်တယ်။ ဒါဆိုလို့ရှိရင် ရွေးကောက်ပွဲလုပ်ဖို့က ပိုပြီးအလားအလာ နည်းသွားမယ် ဆိုလာတွေ့ရတယ်” ဟု BNI ၏ Managing director ဒေါ်တင်တင်ညိုက ဖေဖော်ဝါရီ ၂၈ ရက်တွင် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲတွင် ပြောခဲ့သည်။
စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း မြို့ပေါင်း (၉၅) မြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၄၀ မြို့နယ်မှာလည်း တိုက်ပွဲပေါင်း ၅,၉၀၀ ကျော်ဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်စဉ်များ၏ ၉၈ ဒသမ ၅ ရာခိုင်နှုန်းမှာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု BNI ၏ အချက်အလက်များအရ သိရသည်။
ယင်းကြောင့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် မြို့နယ်အရေအတွက်မှာ (၉၀) သာ ရှိတော့သဖြင့် နိုင်ငံတဝန်း မြို့နယ် ၃၃၉ ၏ ၂၇ ရာခိုင်နှုန်းသာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ခြေရှိသည်။
စစ်ကောင်စီက မြို့နယ် ၁၆၁ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းနိုင်ကြောင်း ပြောဆိုထားသော်လည်း ထိုမြို့နယ်များတွင် ရပ်ကွက်၊ ကျေးရွာရပ်ကွက်အလိုက် တင်းပြည့်ကျင်းပနိုင်မည်မဟုတ်ကြောင်း BNI က ရှုမြင်ထားသည်။
တစ်ဖက်တွင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဦးတည်နေကြသော တော်လှန်ရေးအင်အားစုများက စစ်ကောင်စီရွေးကောက်ပွဲအပေါ် လက်မခံဘဲ ဆန့်ကျင်ထားကြသည်။
“ဒီလိုပြင်ဆင်ဆောင်ရွက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတည်တံ့နေဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်းရ ရှိနေဖို့အတွက်ပဲဖြစ်တယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အားလုံး အတူတကွဆန့်ကျင့်ရမှာ ဖြစ်ပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားကြောင်း အစီရင်ခံစာတွင်ပါရှိသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းနိုင်ရေးအတွက် စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ဒေသများမှ ခန့်မှန်းလူဦးရေ စာရင်းအပါအဝင် ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းပါ ၅၁ ဒသမ ၃ သန်းကျော်၏ အချက်အလက်များကို အသုံးပြုကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတိုင်း မဲစာရင်းပြုစုသွားမည်ဟု ပြင်ဆင်ထားသည်ကို တွေ့ရသည်။
ထိုစာရင်းအရ စစ်ကောင်စီက မြေပြင်တွင်စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် တိုင်းနှင့်ပြည်နယ် ၁၂ ခုအထိရှိပြီး ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်းသာ ရာနှုန်းပြည့်ကောက်ယူခဲ့ကြောင်း အစီရင်ခံစာ တွင်ပါရှိသည်။
ချင်းပြည်နယ်တွင်လည်း စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် လူဦးရေ ၉၂ ဒသမ ၂ ရာခိုင်နှုန်း အထိရှိသဖြင့် စစ်ကောင်စီအနေဖြင့် လုံးဝထိန်းချုပ်၍မရသေးသည်ကို တွေ့ရသည်။
ထို့အပြင် ကရင်နီ (ကယား)၊ စစ်ကိုင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင်လည်း စာရင်းကောက်ယူနိုင်ခြင်း မရှိသည့် လူဦးရေ ၆၄ ရာခိုင် ၈၇ ရာခိုင်နှုန်းအထိရှိနေပြီး စစ်ကောင်စီထိန်းချုပ် နိုင်ချေ အလွန်နည်းပါးသည်ဟု BNI ၏ အချက်အလက်များက ဖော်ပြသည်။
စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံတင်ပြီး ပါတီတည်ထောင်ခွင့်ရရှိထားသည့် နိုင်ငံရေးပါတီပေါင်း (၅၆) ခုရှိသော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေ သဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကောင်စီက အရေးပေါ်သက်တမ်း ၆ လ ထပ်တိုးခဲ့သည်။
ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက “ပြဿနာအားလုံးကို တာဝန်ယူရဲတဲ့ တာဝန်ခံရဲတဲ့သတ္တိရှိမှ ရွေးကောက်ပွဲကို စဉ်းစား။ ရွေးကောက်ပွဲအနိုင်ရ ရင် အာဏာရပြီ၊ NLD လည်း မပါဘူး။ ပါတီကြီးတွေမပါဘူး၊ တို့ဝင်တဲ့ပါတီတွေတော့ နိုင်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးလောက်နဲ့တော့ ရွေးကောက်ပွဲကို မစဉ်းစားစေချင်ဘူး” ဟု ပြောထားကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံအတွင်း စစ်ရေးပဋိပက္ခအပြန့်အကျယ်၊ တည်ငြိမ်းရေးနှင့် လုံခြုံရေး စသည့် အကြောင်းအရာများကို ထောက်ရှုသော် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပချေအလွန် နည်းကြောင်း BNI ကရှုမြင်သည်။
ရွေးကောက်ပွဲအထမမြောက်ခဲ့လျင် စစ်ကောင်စီအနေဖြင့် အရေးပေါ်ကာလ (၆) လသက်တမ်းကို အထပ်ထပ်တိုးကာ ရွေးကောက်ပွဲအသစ် ဖြစ်ထွန်းရေး ဆက်လက်ကြိုးပမ်းနေဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွင်း တည်ငြိမ်းအေးချမ်းရေးကို မဆောင်ကြဉ်းပေးနိုင်ဘဲ ပဋိပက္ခများမှာလည်း ပိုမိုဆိုးရွာလာနိုင်ကြောင်း မြန်မာ့ အရေးလေ့လာစောင့်ကြည်သူများက ရှုမြင်ထားကြသည်။