စစ်ကောင်စီဖမ်းဆီးထားသည့် မောင်တောမြို့ခံ ၃ ဦးနှင့် အဆက်အသွယ်မရ 

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဝိမလရွာ (ရပ်ကွက် ၃)မှ အရပ်သားသုံးဦးမှာ ယနေ့အချိန်ထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရဘဲ ရှိနေသည်။ 

By Admin 30 May 2024

စစ်ကောင်စီဖမ်းဆီးထားသည့် မောင်တောမြို့ခံ ၃ ဦးနှင့် အဆက်အသွယ်မရ 

DMG ၊ မေ ၃၀

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဝိမလရွာ (ရပ်ကွက် ၃)မှ အရပ်သားသုံးဦးမှာ ယနေ့အချိန်ထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရဘဲ ရှိနေကြောင်း သိရသည်။ 

ဖမ်းဆီးခံထားရသူများမှာ ကိုမြင့်နိုင်ထူး၊ ကိုထွန်းဝင်းနှင့် နောက်ထပ်အမျိုးသားတစ်ဦးဖြစ်ပြီး မေလ ၂၇ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယင်းနေ့တွင် ဝိမလရပ်ကွက်မှ ရခိုင်နှင့် ဟိန္ဒူလူမျိုး ၇၀ ကျော်ကို စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်သော်လည်း ၎င်းတို့သုံးဦးကို ဆက်လက်ဖမ်းဆီးထားခဲ့သည်။ 

“အခု ဘာသတင်းအစအနမှ မကြားရဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရဘူး။ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်” ဟု ဝိမလရွာမှ ဒေသခံတစ်ဦးက ပြေသည်။  

ဖမ်းဆီးထားခံထားရသူထဲမှ ကိုမြင့်နိုင်ထူးမှာ နေအိမ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၀,၀၀၀ ပြား(ကာလတန်ဖိုး ၁ ဒသမ ၅ ဘီလီယံ)ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်၍ အမှုဖွင့်အရေးယူထားသည်ဟု စစ်ကောင်စီသတင်းများကို အသားပေးရေးသားနေသည့် “ ရခိုင်နေ့စဉ်”က မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုမြင့်နိုင်ထူးမှာ ကုန်စည်အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးဖြစ်၍ အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

“လက်ရှိ မောင်တောမှာဆိုရင် စစ်ကောင်စီက စစ်ရေးအရ အဆုံးအရှုံးတွေများနေတဲ့အတွက် ဒီလို ဒေသခံတွေကို မတရားဖမ်းတယ်၊ ပုံစံမျိုးစုံနဲ့လုပ်ကြံဖန်းမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း မောင်တောဆေးရုံဝန်ထမ်း ၂ နှစ်ဦးဖြစ်သည့် ကိုရဲမင်းဦးနှင့် ကိုဦးရဲမင်းတို့ကို မောင်တောမြို့လယ်၊ နာရီစင်အနီးတွင် ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်မလာသေးပေ။  

ဘူးသီးတောင်ကို AA သိမ်းပြီးနောက် မောင်တောဒေသခံ အများအပြားမှာ မြို့ပေါ်တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာနေရာများနှင့် AA ထိန်းချုပ်နယ်မြေများသို့ တိမ်းရှောင်ခဲ့ကြသဖြင့် မောင်တောမြို့တွင် လူအနည်းအကျဉ်းသာ ကျန်ရှိတော့သည်။ 

မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက “အခု မောင်တောမြို့မှာ စစ်ကောင်စီက မြို့နေရာအနှံ့မှာ နေရာယူထားတယ်။ ကျန်ခဲ့တဲ့သူတွေက အကုန်လုံးပိတ်မိနေတယ်၊ သွားလို့လာလို့ မရတော့ဘူး။ ကြာရင် လူတွေက အစားအသောက် ပြတ်ပြီးတော့ ဒုက္ခရောက်တော့မှာ” ဟု ပြောသည်။

မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီ၏ ကျန်ရှိနေသေးသော မောရဝတီဗျူဟာကုန်း၊ မြို့သူကြီး နခခ(၅) ရဲတပ်ရင်း၊ အလယ်သံကျော်စခန်း၊ အင်းဒင် နခခ(၆)၊ မြင်းလွှတ် နခခ(၉) တို့ကို AA က တစ်ပြိုင်တည်း တိုက်ခိုက်နေသည်။

ရခိုင်တိုက်ပွဲ ၆ လတာအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၄၂၅ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ထုတ်ပြန်ထားသည်။