စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ ကျိန္တလီဒေသခံများ စားဝတ်နေရေးအခက်ကြုံ

ကျိန္တလီဒေသခံများ ပင်လယ်ပြင်သို့ထွက်၍ ငါးမဖမ်းရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းနှင့် အချိန်အကန့်အသတ်များကိုလည်း မရှင်းပြကြောင်း သိရသည်။ 

By Admin 23 Jul 2024

ကျိန္တလီဒေသက ရေလုပ်သားများအား ၂၀၂၀ ၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - KIFCA 
ကျိန္တလီဒေသက ရေလုပ်သားများအား ၂၀၂၀ ၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - KIFCA 

DMG ၊ ဇူလိုင် ၂၃

တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီဒေသတွင် ဇူလိုင် ၁၉ ရက်မှစ၍ စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထားသဖြင့် စားဝတ်နေရေးအခက်ကြုံနေကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။ 

ကျိန္တလီဒေသခံများ ပင်လယ်ပြင်သို့ထွက်၍ ငါးမဖမ်းရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းနှင့် အချိန်အကန့်အသတ်များကိုလည်း မရှင်းပြကြောင်း သိရသည်။ 

“ဒီဖက်မှာက တခြားလုပ်စားစရာတွေ အများကြီးရှိတာမဟုတ်ဘူး။ ပင်လယ်နဲ့နီးတော့ တံငါလုပ်ငန်းပဲလုပ်ကြတာ။ အရင် ငါးဖမ်းခွင့်ရှိတုန်းကတောင် တွက်ခြေမကိုက်လို့ အဆင်မပြေကြတာ။ အခုလို ငါးဖမ်းခွင့်ပိတ်လိုက်တော့ ဘာနဲ့စားကြတော့မလဲ” ဟု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ငါးဖမ်းခွင့် ပိတ်ပင်ထားသောကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများ၏ စားဝတ်နေရေးမှာ အဆင်မပြေမှုများ ရှိလာပြီး နေ့စဉ်ဘဝတွင် အကျပ်အတည်းများကြုံလာကြရကြောင်း ရေလုပ်သား နောက်တစ်ဦးက ပြောသည်။ 

“ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ စစ်တပ်ဘက်က ရှင်းပြတာမရှိဘူး။ ကျနော်တို့မှာက ကုန်ဈေးနှုန်းကြောင့် အကျပ်အတည်းဖြစ်နေတော့ ငါးဟင်းဖိုးတစ်ခုသက်သာအောင် ရှာစားနေတာတောင် အခုငါးမဖမ်းရဘူးဆိုတော့ အခက်အခဲ၊ အကျပ်အတည်းတွေ ပိုတိုးလာတာပေါ့” ဟု ၎င်းက ပြောသည်။

ကျိန္တလီဒေသသည် ဘင်္ဂလားပင်လယ်အော်နှင့် ဂွမြို့နယ်အကြားတွင် တည်ရှိသည်။ ဂွမြို့နယ်နှင့် ထိစပ်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည်။ 

တိုက်ပွဲများစတင်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေသကို  စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားပြီး ဒေသတွင်းရှိ ငါးဖမ်းလုပ်ငန်းများမှာ မလည်ပတ်နိုင်ဖြစ်နေသည်။