စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီးကျ၍ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး၊ ကလေးငယ်အပါအဝင် ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

By Admin 21 May 2024

စေတီပြင်စစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ 
စေတီပြင်စစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ 

DMG ၊ မေ ၂၁ 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး၊ ကလေးငယ်အပါအဝင် ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။  

ယနေ့ နံနက် ၇ နာရီအချိန် စစ်တွေ ရွှေမင်းဂံရေတပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံးမှာ စေတီပြင်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

“ပစ်တာကတော့ နေဗီကပစ်တာလို့ ယူဆရတယ်။ စစ်ဘေးရှောင်စခန်းတည့်တည့်လာကျတာ။ တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်က ဆေးရုံကိုပို့တာ မမီလိုက်ဘူး လမ်းမှာဆုံးသွားတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူနေကြပြီး ဒဏ်အခြေအနေ အနည်းငယ်စိုးရိမ်ရကြောင်း သိရသည်။  

“မနက်ပိုင်းက လက်နက်ကြီးပေါက်ကွဲသံ ကြားလိုက်ရတယ်။ ခဏကြာတော့ စေတီပြင်ရွာမှာကျတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ကြားတယ်။ ကျနော်တို့ ရွာသားတွေလည်း ကြောက်နေကြတယ်” ဟု စေတီရွာရွာအနီးရှိ ရွာသစ်ကေကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းအချိန်က စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းရှိ စစ်ကောင်စီစစ်သင်္ဘောများမှ လက်နက်ကြီးများ ၅ ကြိမ် ထက်မနည်း ဆက်တိုက်ပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။  

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု နေ့စဉ်တိုးလျက်ရှိနေသည်။