- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
နေရပ်ပြန် ရခိုင်ဒေသခံများ ပြန်လည်ထူထောင်ရေး ခက်ခဲနေ
ရခိုင်စစ်ပွဲစတင်သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ၆ နှစ်တာအတွင်း နေရပ်မပြန်နိုင်ခဲ့သည့် စစ်ဘေးရှောင် ၆၀,၀၀၀ နီးပါးထဲမှအများစုမှာ AA ခွင့်ပြုချက်ဖြင့် နေရပ်ပြန်ကြသော်လည်း ဘဝသစ်ပြန်စရန် အခက်အခဲရှိနေကြသည်။
17 May 2024
DMG ၊ မေ ၁၇
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူမှာ လက်ရှိတွင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ မြို့နယ်များသို့ နေရပ်ပြန်ကြသော်လည်း လူမှုဘဝပြန်ထူထောင်ရေးတွင် အခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်စစ်ပွဲစတင်သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ၆ နှစ်တာအတွင်း နေရပ်မပြန်နိုင်ခဲ့သည့် စစ်ဘေးရှောင် ၆၀,၀၀၀ နီးပါးထဲမှအများစုမှာ AA ခွင့်ပြုချက်ဖြင့် နေရပ်ပြန်ကြသော်လည်း ဘဝသစ်ပြန်စရန် အခက်အခဲရှိနေကြသည်။
“အခု ကိုယ့်ရွာမှာက ပြန်လည်လုပ်ကိုင်စားသောက်ဖို့ ကျနော်တို့မှာ နွားတွေလည်း မရှိတော့ဘူး။ ထွန်စက်လည်း မရှိဘူး။ အိမ်တွေလည်း ပြန်မပြင်ရသေးတော့ မကြာခင် မိုးကျလာရင် ဘယ်လိုနေကြရမလဲတောင် မသိတော့ဘူး” ဟု ကျောက်တော်ဒေသက နေရပ်ပြန်သူတစ်ဦးက ပြောသည်။
ယခင်က တောတောင်ကိုအမှီပြုပြီး ဟင်းခူးငါးရှာ၊ သစ်ဝါးခုတ်လုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းကြသည့် ဒေသခံများမှာလည်း တောတောင်ထဲသို့သွားရောက်ရန် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို စိုးရိမ်နေရသည်။
“ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြန်လာရတဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး။ ငတ်ပဲငတ်ငတ် အိမ်မှာပဲနေချင်တယ်။ စစ်ဘေးရှောင်စခန်းမှာ မနေချင်ဘူး။ ဒါပေမဲ့ အိမ်ပြန်လာတော့ လောလောဆယ် ပြန်လည်ထူထောင်ရေးပိုင်းမှာ အဆင်မပြေသေးတာ အများကြီးပဲ။ ဒါကို တပ်တော်ဖက်ကလည်း တတ်နိုင်သလောက်လေး အကူအညီတွေ ပေးစေချင်ပါတယ်” ဟု မြောက်ဦးမြို့နယ်မှ နေရပ်ပြန်သွားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စခန်းတွင်ခိုလှုံနေချိန်က အရပ်ဖက်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို အသင့်အတင့် ဖြေရှင်းနိုင်ခဲ့ကြသော်လည်း လက်ရှိတွင် ကူညီထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိတော့၍ ပြန်လည်ထူထောင်ရေးအတွက် အဆင်မပြေဖြစ်နေခြင်း ဖြစ်သည်။
ပလက်ဝမြို့နယ်သို့ နေရပ်ပြန်သူတစ်ဦးကလည်း “ကိုယ့်အိမ်၊ ကိုယ့်ဒေသမှာ နေရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ပြန်လာတာ။ ဘာထောက်ပံ့မှုမှမရဘဲ လက်ဗလာနဲ့ဆိုတော့ ပြန်လည်ထူထောင်ရေးမှာ အများကြီးခက်ခဲတယ်။ အခု အိမ်အပြိုမှာ ဘာမှမပြင်ဘဲ နေနေရတယ်။ ပြန်ပြင်ဖို့ကလည်း ပိုက်ဆံမရှိ၊ ဝင်ငွေလည်း မရှိ။ ပိုက်ဆံရှိသူတွေမှာတော့ ပြန်ပြင်နေထိုင်ကြတာရှိတယ်။ အများစုကတော့ မပြင်နိုင်ဘူး” ဟု ပြောသည်။
လက်ရှိ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်အတွင်းက ဒေသခံ ၂၀၀,၀၀၀ နီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
အာရက္ခတပ်တော်(AA) သည် လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။