ကျောက်ဖြူက စစ်ရှောင်စခန်းများတွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေ

အရေပြားရောဂါမှာ ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ဖြစ်ပွားလာခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင် စခန်းအတွင်း နေထိုင်သူအားလုံးနီးပါးဖြစ်ပွားနေသည့်အပြင် ကျေးရွာများအထိ ကူးစက်ပြန့်ပွားလာနေခြင်း ဖြစ်သည်။

By Admin 08 Feb 2025

ကျောက်ဖြူက စစ်ရှောင်စခန်းများတွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေ

DMG၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာနေပြီး ဆေးဝါးအကူအညီအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

အရေပြားရောဂါမှာ ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ဖြစ်ပွားလာခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင် စခန်းအတွင်း နေထိုင်သူအားလုံးနီးပါးဖြစ်ပွားနေသည့်အပြင် ကျေးရွာများအထိ ကူးစက်ပြန့်ပွားလာနေခြင်း ဖြစ်သည်။

"အရည်တွေ၊ ပြည်တွေထွက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ ဆိုးဆိုးရွားရွားဖြစ်နေတာလည်း ရှိတယ်။ ရွာကလူတွေကို ကူးစက်ခံရတာကျတော့ စစ်ဘေးရှောင် ကလေးတွေနဲ့ ရွာက ကလေးတွေက ကျောင်းအတူတူတက်ပြီး ဆော့ကစားကြတာဆိုတော့ အဲဒီကနေတစ်ဆင့် ရွာသားတချို့ကို ကူးစက်သွားတာမျိုးပါ" ဟု ကျောက်ဖြူမြို့နယ် အရေးပေါ်စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၃,၀၀၀ ခန့်ရှိပြီး ယင်းထဲမှ ၆၀၀ ခန့်ကို လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)မှ စခန်းနေရာ ၁၃ ခုစီစဉ်ကာ ယာယီနေရာချပေးထားသည်။

အရေပြားရောဂါဖြစ်ပွားနေသည့် စစ်ဘေးရှောင်များအတွက် HDCO မှ လိမ်းဆေး၊ သောက်ဆေးနှင့် သောက်သုံးရေ သန့်စင်ဆေးဝါးအချို့ ကူညီပေးမှုရှိသော်လည်း ကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်သည့်အထိ ပြည့်စုံလုံလောက်မှုမရှိနိုင်သေးကြောင်း သိရသည်။

" HDCO ကတော့ တတ်နိုင်သလောက် ဆေးဝါးတွေ ပေးတာပေါ့လေ။ ဒါပေမဲ့ တချို့က ပေးတဲ့ဆေးနဲ့ ဓာတ်မတည့်တာလည်း ရှိတယ်။ ပိုက်ဆံနဲ့ ဝယ်သုံးမယ်ဆိုရင်လည်း ဆေးတွေက ဈေးကြီးပြီး အလွယ်တကူ ဝယ်မရတာတွေကြောင့် ရောဂါပျောက်တဲ့အထိ စွဲစွဲမြဲမြဲ ဝယ်မသုံးနိုင်ကြဘူး" ဟု စစ်ဘေးရှောင်များကို ဆေးဝါးကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ စခန်းတွင်း လူအစုအပြုံနေထိုင်ရခြင်း၊ သောက်သုံးရေ အကူးအပြောင်းဖြစ်ရခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း၊ ကျန်းမာရေး အသိပညာ အားနည်းခြင်းနှင့် ဆေးဝါးမပြည့်စုံခြင်းတို့ကြောင့် ရောဂါကူးစက်နှုန်းမြင့်တက်နေခြင်းဖြစ်သည်။

ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီက လမ်းခရီးကန့်သတ် ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှုအပြင် ဆေးဝါးပြတ်တောက်နေ၍ ကျန်းမာရေးနှင့်ပတ်သက်၍ ဆိုးရွားစွာရင်ဆိုင်နေကြရသည်။