ရေတပ်လုံခြုံရေးတင်းကျပ်မှုကြောင့် မဒေးကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးရှိ ဓညဝတီရေတပ်စခန်းက နယ်မြေလုံခြုံရေးအရ ဟုဆိုကာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မဒေးကျွန်းဒေသခံများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းမှုနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
11 Nov 2020
သီဟ | DMG
နိုဝင်ဘာ ၁၁ ၊ ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးရှိ ဓညဝတီရေတပ်စခန်းက နယ်မြေလုံခြုံရေးအရ ဟုဆိုကာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မဒေးကျွန်းဒေသခံများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းမှုနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
ဒေသခံများကို မဒေးကျွန်းအနီးရှိ ဓညဝတီရေတပ်စန်းမှ မကြာခဏ ခေါ်ယူစစ်ဆေးမှုများရှိနေပြီး စစ်ဆေးစဉ်ကာလအတွင်း ကိုယ်ထိလက်ရောက် ကြမ်းတမ်းစွာ စစ်ဆေးမှုများရှိကြောင်းနှင့် ဒေသခံများမှာ ငါး၊ပုဇွန် ရှာဖွေရန်ပင် မထွက်ရဲဖြစ်နေကြကြောင်း မဒေးကျွန်းဒေသခံ ကိုမောင်မောင်သန်းက DMG သို့ ပြောသည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမတစ်ပတ်ထဲမှာတင် ဂုံးငုပ်သွားတဲ့ လူသုံးလေးယောက်လောက်ကို ရေတပ်က ပါးရိုက်ပြီး စစ်ဆေးခဲ့တာတွေရှိတယ်။ နောက်ပြီး သူတို့ခေါ်တာမကြားလို့ဆိုပြီး သွားနေတဲ့ တံငါလှေတစ်စီးကို ခြောက်လှန့်ပစ်ခတ်ခဲ့တာလည်း ရှိတယ်။ နောက်ပြီး သွားနေတဲ့ရေယာဉ်တွေ၊ လှေတွေကိုရပ်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းကအစ စစ်တာတွေကြောင့် အခုဆိုရင် မြစ်ထဲကို နေ့ရောညပါ မထွက်ရဲကြတော့ဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဒေသခံရေလုပ်သားများမှာ မြစ်ထဲသို့ ငါးဖမ်း မထွက်ရဲတော့သည့်အတွက် ရရာအလုပ်ကို လုပ်ကိုင်ကာ ရှိသည့်ပစ္စည်းများကို ပေါင်းနှံရောင်းချပြီး စားသောက်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ကိုဗစ်ကြောင့် လုပ်ငန်းကို ၈၀ ရာခိုင်နှုန်းလောက် ထိခိုက်တယ်။ အခု စစ်ရေးပဋိပက္ခကြောင့် လုပ်ငန်းတွေက တော်တော်စုတ်ပြတ်သတ်ကုန်တယ်” ဟု မဒေးကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ညွန့်က ပြောသည်။
ကျောက်ဖြူမြို့ကို မှီခိုနေရသည့် မဒေးကျွန်းဒေသခံများမှာ ကျောက်ဖြူမြို့သို့သွားပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို အမြဲစစ်ဆေးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ကိုဗစ်ကာလအတွင်း ညမထွက်ရအမိန့်ကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေး အခက်တွေ့နေချိန်တွင် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်လိုက်ခြင်းကြောင့် ပြည်သူများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းနေသည့်အပေါ် အစိုးရအနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ ကဆိုသည်။
“ဒါတွေကိုကုစားဖို့ အစိုးရအနေနဲ့ စနစ်တကျစီမံဖို့လိုတယ်။ ထိထိရောက်ရောက်မလုပ်ဘဲ တစ်လကို ငွေနှစ်သောင်းပေးရုံနဲ့တော့ ဒီလူတွေရဲ့စားဝတ်နေရေးကို ပြေလည်စေဖို့က မလွယ်ကူဘူးလေ” ဟု ဦးဖိုးစံက ဆိုသည်။
မဒေးကျွန်းဒေသခံများမှာ COVID-19 ကာလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုများ ရပ်ဆိုင်းနေသည့်အတွက် အဝယ်ဒိုင်အများစုမှာ ပိတ်ထားကြပြီး၊ လက်ရှိဝယ်ယူနေသည့် ဒိုင်အချို့တွင်လည်း ယခင်ကကဲ့သို့ ဈေးကောင်းမရတော့ပေ။
ကျောက်ဖြူမြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် အောက်တိုဘာ ၉ ရက်နေ့မှစတင်၍ နေ့လယ် ၁၁ နာရီ နောက်ပိုင်း ကျန်းမာရေးကိစ္စမှလွှဲ၍ အပြင်ထွက်လျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)အရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ထုတ်ပြန်ထားသည်။
လက်ရှိ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း အေအေနှင့်ဆက်စပ်ပြီး သံသဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ဦးခန့်ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့တောင်ငူရပ်ကွက်နေ ဦးကျော်လှစိန် (၆၄)နှစ်သည် ဂဏန်းမြှုံး ထောင်နေချိန်တွင် တပ်မတော်မှ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုထားသည်။
တပ်မတော်ဘက်ကမူ လုံခြုံရေးဆောင်ရွက်နေကြစဉ် နိုဝင်ဘာလ ၄ ရက်နေ့ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မသင်္ကာဖွယ်လှေ ၂ စီးမှာ စနဲချောင်းဖက်မှ ဆိပ်ခံတံတားရှိ စစ်ရေယာဉ်အနီးသို့ မျောလာသည်ကိုတွေ့သဖြင့် တားဆီးရာ ရပ်တန့်ခြင်းမရှိသောကြောင့် ခြောက်လန့်ပစ်ခတ်တားဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဦးကျော်လှစိန်(၅၀)နှစ်အား အသေဖမ်းဆီးရမိကာ လှိုင်ထွန်း (၂၉)နှစ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။