မင်းဂံဒေသခံ ၄၀ ကျော်အမှုတွင် တရားလိုကို စတင်စစ်ဆေး  

မင်းဂံဒေသခံများကို ယနေ့ (စက်တင်ဘာ ၂၇) စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် လိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။

By Admin 27 Sep 2024

မင်းဂံဒေသခံ ၄၀ ကျော်အမှုတွင် တရားလိုကို စတင်စစ်ဆေး  

DMG ၊ စက်တင်ဘာ ၂၇ 

အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲပြီး မတရားအသင်းဆက်သွယ် ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသူ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၄၀ ကျော်အမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စတင် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ 

မင်းဂံဒေသခံများကို ယနေ့ (စက်တင်ဘာ ၂၇) စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် လိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။ 

“တရားလိုနဲ့ သက်သေသုံးယောက်ကို စစ်ဆေးခဲ့တာ။ တရားလိုကမင်းဂံရဲစခန်းမှူး၊ လိုပြကတော့ မင်းဂံရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့ကို စစ်ဆေးခဲ့တာပါ။ ကျမတို့က အထဲကိုမဝင်ရတော့ လူပြောသလောက်ပဲ သိရတာ။ ဒီလူတွေဟာ မင်းဂံရပ်ကွက်က ဟုတ်လား။ ရပ်ကွက်မှာ နေထိုင်သူတွေလားဆိုပြီး မေးမြန်းခဲ့တယ်လို့ သိရပါတယ်” ဟု မိသားစုဝင်နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းဂံ အကွက် ၅၊ ၈၊ ၉၊ ၁၀ တို့ကို ဝင်ရောက်ပြီး ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ၄၀ ကျော်ကို AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့သည်။ 

အမှုရင်ဆိုင်နေရသူများမှာ ဦးကျော်စိုး (ခ) ဦးကျော်တင်စိုး၊ ဦးမောင်တင်လှိုင်၊ ဦးကျော်အေးမောင်၊ ဦးကျော်အေး၊ ဦးဇော်မင်းနိုင်၊ ကိုဇော်မင်းနိုင်၊ ကိုဇော်ထူးအောင်၊ ကိုသန်းအေးကျော်၊ ကိုထွန်းထွန်း အပါအဝင် ၄၀ ကျော်ရှိကြောင်း သိရသည်။

မင်းဂံဒေသခံ အမျိုးသမီးတစ်ဦးက “ကျမမှာ အိမ်က အမျိုးသားနဲ့ ဆွေမျိုး ၂ ယောက် ပါသွားပါတယ်။ သူတို့မှာ ဘာမှအပြစ်မရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်တာမရှိပါဘူး။ ဘေးတွဲဆိုင်ကယ်မောင်းပြီး မိသားစုအတွက် ရုန်းကန်နေရတာ။ ဒါကြောင့် အပြစ်မရှိသူကို အပြစ်ရှာပြီး ထောင်ချမှာကိုလည်း စိုးရိမ်ပါတယ်” ဟု ပြောသည်။ 

စစ်ကောင်စီသည် စစ်တွေမြို့ကို အဝင်အထွက်ပိတ်ဆို့ကာ ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်း အကြောင်းပြ၍ ဖမ်းဆီးငွေညှစ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ပြီး အရေးယူခြင်းများ လုပ်ဆောင်နေ၍ ဒေသခံများမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရသည်။

ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာ လဆန်းပိုင်းကလည်း ဗျိုင်းဖြူကျေးရွာသား ၂၃၄ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်သည်။ 

DMG စာရင်းအရ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နှစ်လတာအတွင်း စစ်ကောင်စီ က ဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၃၀၀ ခန့်သာ ပြန်လွတ်လာသေးသည်။