- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
AA ထိန်းချုပ်နယ်မြေများတွင် လွတ်လပ်ခွင့် ပိုရလာကြောင်း မွတ်ဆလင်များပြော
AA အနေဖြင့် မတူညီသော အသိုင်းအဝိုင်း အသီးသီးကြား လူမှုသဟဇာတနှင့် အတူယှဉ်တွဲ နေထိုင်ရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် လက်ရှိတွင် အပြုသဘောဆောင်သော ရလဒ်များကို ရရှိနေခြင်းဖြစ်ကြောင်း မွတ်ဆလင်များက ပြောဆိုထားကြသည်။
26 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၆
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စီးပွားရေး၊ လူမှုရေး၊ ဒေသတွင်း ခရီးသွားလာရေး စသည့် အခြေခံ လွတ်လပ်ခွင့်များ ပိုရလာကြောင်း ဒေသခံ မွတ်လဆင်များက ပြောဆိုကြသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်က မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီး အဆိုပါ ဒေသက မွတ်ဆလင်များမှာ ယခုအခါ အခြားလူမှုအဖွဲ့အစည်းများနှင့် တန်းတူအခွင့်အရေးရရှိ ကြကြောင်းဆိုသည်။
မြောက်ဦးမြို့နယ်မှ မွတ်ဆလင် တစ်ဦးက “ ရခိုင်တွေနဲ့ ဆက်ဆံရေးလည်း ပိုပြီး ကောင်းလာတယ်။ ဒေသတွင်း ဘာသာရေးနဲ့ ဆိုင်တဲ့ ပွဲတွေကိုလည်း လူတွေ စည်စည်ကားကားနဲ့ လွတ်လွတ်လပ်လပ်လုပ်ခွင့် ရတယ် ” ဟု ပြောသည်။
ဖေဖော်ဝါရီ ပထမသီတင်းပတ်က အစ္စလာမ်ဘာသာဝင်များက အစ္စလာမ်ကျမ်းမြတ် ကုရ်အာန်အာဂုံဆောင် ဘွဲ့လက်မှတ် အပ်နှင်းသည့် ဂျလ်ဆာပွဲ အခမ်းအနားကို မြောက်ဦးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး အာရက္ခတပ်တော် အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခင် တိုက်ပွဲဖြစ်ပွားစဉ်က လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ထားခဲ့သော်လည်း လက်ရှိ အာရက္ခတပ်တော်က မွတ်ဆလင်ဒေသခံများအား ဝတ်ပြုခြင်းကိုပါ ခွင့်ပြုပေးထားသဖြင့် ဘာသာရေး ပွဲလမ်းသဘင်များကို လွတ်လပ်စွာ လုပ်ခွင့်ရလာသည်ဟု မွတ်ဆလင်များက ပြောဆိုကြသည်။
“ညဘက် ဝတ်ပြုတာကိုလည်း ခွင့်ပြုပေးထားတယ်။ ပွဲတွေဘာတွေလုပ်မယ်ဆိုရင်လည်း အေအေကို တင်ပြလိုက်ရင် လုံခြုံရေးလည်း ယူပေးတယ်” ဟု ကျောက်တော်ဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
ယခုအခါ အာရက္ခပြည်သူ့အစိုးရ၏ လက်အောက်ရှိ အုပ်ချုပ်ရေးဌာနများတွင်လည်း မွတ်ဆလင်ဒေသခံများ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းမှ သိရသည်။
စစ်ကောင်စီ ထိန်းချုပ်ခဲ့စဉ်က မွတ်ဆလင်များမှာ ရခိုင်ဒေသအတွင်းမှာပင် တစ်မြို့နယ်နှင့်တစ်မြို့နယ် ခရီးသွားလာခွင့် ကန့်သတ်ခံရမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများအပြင် လူမှုရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝများ ဆုံးရှုံးခဲ့ရကြောင်း ဆိုကြသည်။
လက်ရှိတွင် AA သိမ်းပိုက်ထားသည့် မြို့နယ်များထဲမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စသည့် မြို့နယ်များတွင် ခရီးသွားလာခွင့်များအား လွတ်လပ်ခွင့်ပေးထားကြောင်း မွတ်ဆလင်များက ပြောသည်။
ကျောက်တော်မြို့ခံ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တစ်ဦးက “AA သိမ်းပိုက်ပြီးကတည်းက ဘာသာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စတွေပိုပြီး လွတ်လပ်ခွင့်ရလာတယ်။ ပိတ်ပင်ခံရတာတွေ မရှိတော့ဘူး။ အရင် စစ်ကောင်စီ လက်ထက်ကတော့ အသွားအလာကန့်သတ်တာ၊ ခွဲခြားဆက်ဆံတာ နှိမ်တာတွေရှိတယ်။ ဂိတ်မှာ ထောက်ခံစာ စစ်ဆေးတယ်။ သူတို့က မသွားရဘူးဆိုရင် မသွားဘဲ ပြန်လာရတာပေါ့” ဟု ပြောသည်။
ယခင်နှစ်များက မြန်မာ စစ်တပ်အာဏာပိုင်များသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံတွေ့ရတိုင်း ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆန်ဆန် ပဋိပက္ခများ ဖန်တီးခဲ့ကြောင်း မွတ်ဆလင်များက ပြောသည်။
ယခုအခါ AA အနေဖြင့် မတူညီသော အသိုင်းအဝိုင်း အသီးသီးကြား လူမှုသဟဇာတနှင့် အတူယှဉ်တွဲ နေထိုင်ရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် လက်ရှိတွင် အပြုသဘောဆောင်သော ရလဒ်များကို ရရှိနေခြင်းဖြစ်ကြောင်း မွတ်ဆလင်များက ပြောဆိုထားကြသည်။