မောင်တောတွင် စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးနေ 

မောင်တောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက နေအိမ်ဈေးဆိုင်ခန်းများအား ဖောက်ထွင်းဖျက်ဆီးမှု များ ဆက်တိုက်လုပ်ဆောင်နေသည်။ 

By Admin 14 May 2024

မောင်တောမြို့နယ်တွင် နေအိမ်များအား ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးနေကြသော လက်နက်ကိုင်မွတ်ဆလင်များ။ 
မောင်တောမြို့နယ်တွင် နေအိမ်များအား ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးနေကြသော လက်နက်ကိုင်မွတ်ဆလင်များ။ 

DMG ၊ မေ ၁၄ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက နေအိမ်ဈေးဆိုင်ခန်းများအား ဖောက်ထွင်းဖျက်ဆီးမှု များ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။ 

မောင်တောမြို့နယ်ရှိ ၃ မိုင်၊ သာစည်၊ လသာ၊ သစ်တော၊ ဝေသာလီ စသည့်ကျေးရွာများရှိ နေအိမ်၊ ဈေးဆိုင်ခန်းများကို ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

“စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး သောင်းကျန်းနေကြတာပါ။ မနေ့ကလည်း ၃ မိုင်ရွာက ဈေးဆိုင်ခန်း ၁၀ ကျော် ဖောက်ထွင်းခံရတယ်။ ပစ္စည်းတွေအကုန်လုံး ယူသွားကြတယ်” ဟု မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် မေလ ၁၂ ရက်ကလည်း မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ နခခ (၅)တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် သင်တန်းဆင်းမွတ်ဆလင်များက သာစည်ကျေးရွာက နေအိမ် ၂၀ ခန့်ကို ဖောက်ထွင်းပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

“ညနေ ၉ နာရီကျော်လောက်မှာ အင်အား ၂၀ လောက်က တစ်အိမ်ဝင်တစ်အိမ်ထွက် ဖောက်ထွင်းနေကြတာ။ သူတို့က နေ့တိုင်းလိုလို နေအိမ်တွေဖောက်ထွင်း ပစ္စည်းတွေကို ယူနေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

နေအိမ်၊ ဈေးဆိုင်ခန်းများအား ဖောက်ထွင်းနေသည်ကို လာရောက်ဟန့်တားသူများကိုလည်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော မွတ်ဆလင်များက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်လျက်ရှိသည်။ 

မေလ ၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာမှ နေအိမ် ၅၀ ခန့်ကို စစ်ကောင်စီနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မေလ ၇ ကလည်း ဝေသာလီကျေးရွာမှ နေအိမ် ၁၅ လုံးမနည်းကို မီးရှို့ဖျက်ဆီးကာ အမျိုးသားတစ်ဦးအား သတ်ဖြတ်ခဲ့ကြသည်။ 

“စစ်ကောင်စီနဲ့ သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက မင်းမရှိတဲ့တိုင်းပြည်လို သူတို့လိုအပ်တာ အကုန်ယူတယ်၊ နေအိမ်တွေကို မီးရှို့တယ်။ ရွာသားတွေအကုန်လုံးနီးပါးက တိုက်ပွဲရှောင်နေကြတော့ လူနေတဲ့အိမ်က နည်းတယ်။ ဒါကြောင့် လုပ်ချင်တာလုပ်နေကြတယ်” ဟု မောင်တောဒေသခံ သတင်းရင်းမြစ်က ပြောသည်။ 

ရခိုင်စစ်မျက်နှာတွင် ရှုံးမဲမဲနေသော စစ်ကောင်စီသည် မွတ်ဆလင်များကို စစ်သင်တန်းပေးပြီးနောက် လက်နက်တပ်ဆင်ပေးကာ တိုက်ပွဲများတွင်အသုံးချခြင်း၊ နေအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးစေခြင်း စသည့် စစ်ရာဇဝတ်များကို ကျူးလွန်ရန်အတွက် အသုံးချလျက်ရှိသည်။