ရခိုင်က စစ်ကောင်စီ တပ်ရင်း ၄၈ ခုထက်မနည်း AA လက်ထဲ ကျရောက်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်းဌာနချုပ် ရာနှင့်ချီ သိမ်းပိုက်ခံရခြင်းမှာ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို စစ်ကောင်စီက ခုခံနိုင်စွမ်း မရှိတော့ခြင်းကို ပြသနေကြောင်း CDM ဗိုလ်ကြီးဇင်ယော် က ပြောသည်။

By Admin 08 Mar 2025

ကျောက်တော်အခြေစိုက် စကခ-၉ ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တွေ့ရစဉ်။ဓာတ်ပုံ- AA Info Desk
ကျောက်တော်အခြေစိုက် စကခ-၉ ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တွေ့ရစဉ်။ဓာတ်ပုံ- AA Info Desk

DMG ၊ မတ် ၈

ရခိုင်ပြည် အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း ၉၃ ခု အနက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းပေါင်း ၄၈ ခုကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်နိုင်ခဲ့ပြီဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP - Myanmar) က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ လက်ရှိ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၄ နှစ်ကျော်အတွင်း နိုင်ငံတဝန်းရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်တို့ရှိ တပ်ရင်းဌာနချုပ် အများဆုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ISP - Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်းဌာနချုပ် ရာနှင့်ချီ သိမ်းပိုက်ခံရခြင်းမှာ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို စစ်ကောင်စီက ခုခံနိုင်စွမ်း မရှိတော့ခြင်းကို ပြသနေကြောင်း CDM ဗိုလ်ကြီးဇင်ယော် က ပြောသည်။

" ဒီလို အနေအထားမျိုးဟာ စစ်တပ်ရဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာ တပ်ရင်းဌာနချုပ်တစ်ခု အသိမ်းခံရမယ်ဆိုတာ ထင်တောင်ထင်မထားတဲ့ ကိစ္စပေါ့။ အခုအနေအထားက ၂၀၀ နီးပါး ဖြစ်လာပြီ။ ဗန်းမော်လို နေရာမျိုးကိုသာ ထပ်သိမ်းပိုက်နိုင်မယ်ဆိုရင် နောက်ထပ် ၂၀ နီးပါးလောက်ထိ တက်လာနိုင်မယ်။ ဒီနှစ်ထဲမှာတော့ သေချာပေါက် စစ်တပ်က တပ်ရင်း ၂၀၀ ကျော်အထိ လက်လွှတ်ရနိုင်တယ်" ဟု သူက ပြောသည်။

အမ်း နပခ ဌာနချုပ်အဆောက်အအုံ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk / ရုပ်သံ

စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ အင်အားဖြင့် တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသဖြင့် ဆက်လက်ပြီး တော်လှန်ရေးအုပ်စုများ ဟန်ချက်ညီညီ ထိုးစစ်ဆင်ပါက စစ်ကောင်စီ၏ တပ်စခန်းများ လက်လွှတ်ရဖွယ်ရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော် က ဆက်ပြောသည်။

သိမ်းပိုက်ခံရသည့် တပ်စခန်းများထဲတွင် စစ်တိုင်းဌာနချုပ် ၂ ခုအပါဝင် အမိန့်ပေးကွပ်ကဲမှု ဌာနချုပ်ပေါင်း ၁၂ ထက်မနည်း၊ ခြေလျင်တပ်ရင်း ၃၇ ခုထက်မနည်းနှင့် ခြေမြန်တပ်ရင်း ၅၄ ခုထက်မနည်း ပါဝင်ကြောင်း ISP - Myanmar က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်း ၇ ခုထက်မနည်း၊ လက်ရုံးတပ်ရင်း ၃၉ ခုထက်မနည်း နှင့် လက်ရုံးအကူတပ်ရင်း ၂၅ ခုထက်မနည်းကိုလည်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

သို့သော်လည်း စစ်ကောင်စီတွင် တိုင်းစစ်ဌာနချုပ်ပေါင်း ၁၂ ခု၊ တပ်ရင်းဌာနချုပ်များ၊ စက်လက်နက် ပစ္စည်းထုတ် စက်ရုံ ၂၆ ခုအပါအဝင် (ကြည်း ၊ ရေ၊ လေ ) တပ်စခန်းများစွာရှိနေသေး၍ လျှော့တွက်၍ မရကြောင်း အကဲခတ်များက ဆိုကြသည်။

" လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ ရှိသေးတယ်။ မြို့ကြီးတွေ ရှိသေးတယ်။ အဲဒီဟာတွေကိုတော့ လျှော့တွက်လို့ မရဘူး" နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တို့ရှိ မြို့ကြီးများကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရသော်လည်း မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းရှိ မြို့ကြီးများကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခြင်းမရှိသေး၍ ကြိုးစားရန် လိုအပ်နေသေးကြောင်း ၎င်းက ထောက်ပြသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

လက်ရှိတွင် AA အပါအဝင် တော်လှန်ရေးအင်အားစုများသည် ရခိုင်၊ ကချင်၊ ကရင်နီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီ၏ တပ်စခန်း၊ တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

AA ကလည်း ရခိုင်ပြည်ရှိ လက်ကျန်မြို့နယ် ၃ ခုအနက် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် မဟာမိတ်များနှင့် ပူးပေါင်း၍ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင်လည်း စစ်မျက်နှာ ဖွင့်နေသည်။