- ဆီးရီးယားတွင် အလောင်းတစ်သိန်းကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ တွေ့ရှိ
- စစ်ကောင်စီဖိအားကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ကျော် အခက်ကြုံ
- ပြည်ရောက် ရခိုင်စစ်ဘေးရှောင်များ ဖိနှိပ်ခံနေရ
- စစ်တွေမြို့တွင် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်း
- ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
ပြည်ရောက် ရခိုင်စစ်ဘေးရှောင်များ ဖိနှိပ်ခံနေရ
၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် စစ်ဘေးရှောင်များသည် စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးခံရသည့်အပြင် ကြမ်းတမ်းစွာ ပြောဆိုခံရခြင်းများအထိ ဖိနှိပ်ခံနေရကြောင်း ပြောဆိုကြသည်။
18 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများကို စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးမေးမြန်းမှု၊ သွားလာခွင့်ကန့်သတ်မှုများအပြင် ငွေညှစ်မှုများရှိနေကြောင်း သိရသည်။
၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် စစ်ဘေးရှောင်များသည် စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးခံရသည့်အပြင် ကြမ်းတမ်းစွာ ပြောဆိုခံရခြင်းများအထိ ဖိနှိပ်ခံနေရကြောင်း ပြောဆိုကြသည်။
“စစ်ဆေးရေးဂိတ်က မှတ်ပုံတင်ပြဆိုလို့ ရခိုင်မှတ်ပုံတင်ပြလိုက်ရင် အချိုးက ချက်ချင်း ပြောင်းသွားတယ်။ စစ်ဆေးတာလည်း ချက်ချင်း ကြမ်းကြမ်းတမ်းဖြစ်သွားတာ။ ကျမရှေ့က ရခိုင်တစ်ယောက်ဆို မှတ်ပုံတင်ပြတာကို ထောက်ခံစာသွားယူအုံးဆိုပြီး ခိုင်းတာကို မြင်ခဲ့ရတယ်။ သွားရလာရတာ တကယ့်ကို မလွယ်ဘူး”ဟု ပြည်ရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ရထားလက်မှတ်အရောင်းဌာန တစ်ခုတွင်လည်း ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများကို လက်မှတ်တစ်စောင်၏ သတ်မှတ်စျေးထက် ပိုတောင်းခံမှုများရှိနေကြောင်း သိရှိရသည်။
“ရခိုင်မှတ်ပုံတင်ကိုင်ထားလို့ ဂိတ်တွေကို ပိုက်ဆံ ပိုပေးရတာရှိတယ်။ ပြည်ဖက်မှာ တော်တော်ကို ဆိုးတာပါ။ ပြည်က ရထားလက်မှတ် အရောင်းဌာနမှာဆိုရင် ရခိုင်မှတ်ပုံတင်နဲ့မို့ ၈,၀၀၀ တန်လက်မှတ်ကို ၂၅,၀၀၀ နဲ့ ပေးဝယ်ခဲ့ရတယ်" ဟု နောက်ထပ် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင်း စစ်ရေပဋိပက္ခများကြောင့် အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များမှ ဒေသခံများမှာ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မကွေးတိုင်းတို့တွင် စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီ၏ ခရီးသွားကန့်သတ်ခြင်း၊ စစ်ဆေးမှုတင်းကျပ်ခြင်း တို့ကြောင့် စားဝတ်နေရေး အခက်အခဲများရှိလာကြောင်း ပြည်ရောက် ရခိုင်စစ်ဘေးရှောင်များက ပြောဆိုကြသည်။
“စစ်ဘေးရှောင်နေလည်း မရှိဆင်းရဲတော့ ရောက်တဲ့နေရာမှာ လုပ်စားရတာပဲ။ စစ်ကောင်စီက ဂိတ်တိုင်းလိုလိုမှာ အစစ်အဆေးတင်းကျပ်ထားတာ။ ရောင်းစား၊ ဝယ်စား သွားလာဖို့က မလွယ်ဘူး။ စားဝတ်နေရေးက တကယ့်ကို ခက်ခဲတယ်” ဟု ပြည်ရောက် သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူများကို သီးသန့်စစ်ဆေးခြင်းနှင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခြင်းများကို ရခိုင်ပြည်နှင့် နီးစပ်သည့် မကွေးနှင့် ဧရာဝတီတိုင်းတွင် ပို၍ ပြုလုပ်လာကြောင်း သိရသည်။
ပြည်မဘက်တွင် စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ရခိုင်ဒေသခံများကို စစ်ကောင်စီက ဧည့်စာရင်း မကြာခဏ စစ်ဆေးခြင်း၊ လူအဝင်အထွက် စစ်ဆေးခြင်းများအပြင် ဖမ်းဆီးမှုများလည်းရှိနေ၍ ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြသည်။