ရခိုင်ဒေသတွင် လူဦးရေတစ်သန်းကျော် ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးနေ

ရာသီဉတု အပူပြင်းဆုံးကာလဖြစ်သည့်အလျောက် သောက်သုံးရေရှားပါးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည်ဟု UNOCHA က ဆိုသည်။ 

By Admin 24 May 2024

ရခိုင်ဒေသတွင် လူဦးရေတစ်သန်းကျော် ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးနေ

DMG ၊ မေ ၂၄

ရခိုင်ပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ လူဦးရေ ၁ ဒဿမ ၆ သန်းခန့်မှာ ဆေးရုံ/ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်မရသည့် အခြေအနေဖြစ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ယနေ့ထုတ်ပြန်သည်။

ရာသီဉတု အပူပြင်းဆုံးကာလဖြစ်သည့်အလျောက် သောက်သုံးရေရှားပါးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည်ဟု UNOCHA က ဆိုသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက “တာပေါ်လေစတွေနဲ့ တဲထိုးပြီးနေတာဆိုတော့ တအားပူတယ်။ ညဆိုရင်လည်း မအိပ်နိုင်ဘူး။ နေမကောင်းဖြစ်ရင်လည်း ဆေးရုံ/ဆေးခန်းသွားမပြနိုင်ဘူး” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာအများအပြားမှာ နွေရာသီရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရပြီး မသန့်ရှင်းသောရေများကို သုံးစွဲနေရသဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ကြုံတွေ့နေကြရသည်။ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများမှာ ၆ လကျော်ကြာသည့်တိုင် ပြင်းထန်နေဆဲဖြစ်ဖြစ်ပြီး စစ်ကောင်စီက ရခိုင်ဒေသကို လမ်းပိတ်ဆို့ထားမှုအကျိုးဆက် ကျန်းမာရေးနှင့်ပတ်သက်၍ အခက်အခဲများစွာကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မရရှိခြင်း၊ ကာကွယ်ဆေးများ ပုံမှန်မထိုးနှံရခြင်း စသည့် အခက်အခဲများကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးများမှာ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိနေကြသည်။ 

ရခိုင်က ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက “ပုံမှန်ကျန်မာရေးစောင့်ရှောက်မှု မရတော့ မိခင်နဲ့ကလေး နှစ်ဦးလုံးအတွက် စိုးရိမ်နေရတယ်” ဟု ပြောသည်။ 

ဆေးဝါးများပြတ်လပ်လာသဖြင့် ဆေးရုံ/ဆေးခန်းအများစု ပိတ်ထားရပြီး ဆေးရုံများကို ပစ်မှတ်ထားလာသော စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုများကြောင့်လည်း လူနာများမှာ ဘေးကင်းလုံခြုံစွာ ဆေးကုသခွင့်မရ ဖြစ်နေကြသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် တိုက်ပွဲကာလအတွင်း ရခိုင်နှင့် ပလက်ဝတွင် နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းရှစ်သောင်းကျော်ထိရှိလာပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စသည့် အရေးပေါ်အကူအညီများ လိုအပ်နေသည်။