- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
သံတွဲမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ မေလ ၁၄ ရက် နေ့လယ်ပိုင်းက လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြသည်။
15 May 2024
DMG ၊ မေ ၁၅
ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တချို့မှာ လက်နက်များဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးနေကြသည်ဟု သိရသည်။
သံတွဲမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ မေလ ၁၄ ရက် နေ့လယ်ပိုင်းက လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြသည်။
သံတွဲမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “ရဲတပ်ဖွဲ့ဝင်လေးယောက်က လက်နက်တွေနဲ့ ထွက်ပြေးသွားတာပါ။ ရာထူးအဆင့်ကိုတော့ ပြောလို့မရသေးဘူး။ အခုထွက်ပြေးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက AA သိမ်းပိုက်ထားတဲ့ ဒေသတွေဆီ သွားပူးပေါင်းကြတာပါ။ အခုက ဒီမှာ တိုက်ပွဲတွေလည်းပြင်းလာတော့ ကြောက်လန့်ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာပါ။ ရဲစခန်းအတွင်းမှာလည်း ဆူပူနေကြတယ်” ဟု ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်ရှိ ကျေးရွာ/တိုက်နယ် ရဲစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာပြီး သံတွဲမြို့မရဲစခန်းသို့ လာရောက်ပူးပေါင်းနေထိုင်လျက်ရှိသည်။
လက်ရှိတွင် ထွက်ပြေးသွားသည့် ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လိုက်လံရှာဖွေနေပြီး ယမန်နေ့ ညနေပိုင်းအထိ ရဲစခန်းတာဝန်ရှိသူများက အနီးအနားရှိ ကျေးရွာများတွင် လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းအပြင် သံတွဲမြို့နယ်၊ ငပလီမြို့အခြေစိုက် ခလရ (၅၅) တပ်ရင်းမှူး ခွန်မျိုးလွင်ဦး ဆိုသူမှာလည်း ယခုသီတင်းပတ်အတွင်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။ ခွန်မျိုးလွင်ဦးမှာ သံတွဲမြို့နယ်၊ ရေစင်ရွာအနီးဖြစ်ပွားနေသည့် တိုက်ပွဲကို ဦးဆောင်နေသူဖြစ်ကြောင်း သိရသည်။
“အဲဒီတပ်ရင်းမှူးက သံတွဲမြို့နယ်တိုက်ပွဲမှာ ဦးဆောင်နေတဲ့သူဖြစ်တယ်။ တချို့ကတော့ နေပြည်တော်ဘက်ကို ထွက်ပြေးသွားတယ်လို့ ပြောကြတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ကွေ့ချောင်း၊ ရေစင်၊ ရွှေလှေ၊ ရေကောက်၊ ဇီးကုန်းနှင့် အောက်နတ်မော် အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်ခန့်က ဒေသခံတစ်သောင်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။