စစ်ကောင်စီလော်ဘီများက AA ကို လူမျိုးရေး၊ ဘာသာရေး ဝါဒဖြန့်တိုက်ခိုက်မှု ပိုလုပ်လာ

စစ်ကောင်စီလော်ဘီများသည် တယ်လီဂရန်ချန်နယ်များကို အသုံးပြုကာ မေ ၁၈ ရက်မှ ၂၄ ရက်ထိ ၆ ရက်အတွင်း လူမျိုးရေး၊ ဘာသာရေး၊ မူးယစ်ဆေး စသည်တို့ကို အခြေခံပြီး (၇၁) ကြိမ်ထိ ဝါဒဖြန့်ခဲ့ကြသည်။ 

By Admin 31 May 2024

စစ်ကောင်စီလော်ဘီများက AA ကို လူမျိုးရေး၊ ဘာသာရေး ဝါဒဖြန့်တိုက်ခိုက်မှု ပိုလုပ်လာ

DMG ၊ မေ ၃၁

စစ်ကောင်စီ ထိန်းချုပ်နယ်မြေများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်သိမ်းပိုက်နေသော အာရက္ခတပ်တော်(AA)အား လူမျိုးရေး၊ဘာသာရေးအခြေခံပြီး ဝါဒဖြန့်တိုက်ခိုက်မှုများကို စစ်ကောင်စီလော်ဘီများက ပိုမိုလုပ်ဆောင်လာကြောင်း  Burma Affairs & Conflict Study (BACS) က ထုတ်ပြန်သည်။ 

စစ်ကောင်စီလော်ဘီများသည် တယ်လီဂရန်ချန်နယ်များကို အသုံးပြုကာ မေ ၁၈ ရက်မှ ၂၄ ရက်ထိ ၆ ရက်အတွင်း လူမျိုးရေး၊ ဘာသာရေး၊ မူးယစ်ဆေး စသည်တို့ကို အခြေခံပြီး (၇၁) ကြိမ်ထိ ဝါဒဖြန့်ခဲ့ကြသည်ဟု ဆိုသည်။ 

“AA ဟာ လူမျိုးကြီးဝါဒနဲ့ မွတ်ဆလင်တွေကို လူမျိုးတုန်းသတ်နေတာလို့ စစ်ကောင်စီလော်ဘီတွေက တန်ပြန် စွပ်စွဲနေပြီး မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးကြားမှာရော၊ AA ကြားမှာပါ ပဋိပက္ခတွေကို ကြီးထွားသထက် ကြီးထွားအောင် လှုံ့ဆော်နေတာဖြစ်ပါတယ်” ဟု BACS က ထုတ်ပြန်သည်။ 

စစ်လော်ဘီများသည် - မွတ်ဆလင်ရွာများကို AA က မီးရှို့၊ မွတ်ဆလင်များအား AA က လူမျိုးတုန်းသတ်ဖြတ်နေ၊ AA တပ်သားများ အကျအဆုံးများနေ စသည့်အကြောင်းအရာများဖြင့် AA ကို ပုံဖျက်တိုက်ခိုက်ခဲ့ကြသည်။ ယင်းအပြင် AA နှင့် ချင်းလူမျိုးများ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း ဝါဒဖြန့်ခဲ့ကြသည်။  

ရခိုင်ဒေသတွင် မြို့နယ်အများပြား လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် ယုတ်ညံ့သည့်အကြံအစည်ဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသဖြင့် သတိထားစောင့်ကြည့်ကြရန် နိုင်ငံရေးသမားများက ပြောသည်။

“စစ်ကောင်စီက အဆုံးစွန်ထိယုတ်မာတော့မှာ။ သူတို့နိုင်ဖို့အတွက် ဘယ်လိုပြဿနာမဆို ဖန်တီးဖို့ကြိုးစားနေတာ။ ဝါဒဖြန့်မယ်၊ လူမျိုးရေး၊ဘာသာရေးပြဿနာ ဖန်တီးမယ်။ သူတို့သားကောင် မဖြစ်အောင်တော့ သတိထားရမှာပေါ့” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် တယ်လီဂရမ် ပလက်ဖောင်းကို အဓိကအသုံးပြုကာ ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း BACS က ဆိုသည်။ 

ရခိုင်ဒေသအရေးနှင့်ပတ်သက်၍ မင်းချစ်ဦး၊ ရခိုင်နေ့စဥ်၊ မေယုဌာနေ၊ Ko That၊ မေယုဟစ်တိုင်၊ ရခိုင်အသံ၊ Western 24 News၊ DOROR WADDY MEDIA စသည့် တယ်လီဂရမ်ချန်နယ်များဖြင့် အဓိက ဝါဒဖြန့်လျက်ရှိသည်။ 

ထို့အပြင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်မှုကို စုံစမ်းဖော်ထုတ် ရေးသားနေသည့် ရခိုင်အခြေစိုက် Development Media Group (DMG)၊ Narinjara၊ Western News နှင့် Border News Agency (BNA) သတင်းဌာနများကိုလည်း သတင်းမှားတင်ဆက်နေသည်ဟုဆိုကာ ဝါဒဖြန့်စာမျက်နှာများမှ နေ့စဉ်လိုလို ဖော်ပြနေသည်။

“စစ်ကောင်စီလော်ဘီတွေက ရခိုင်က သတင်းဌာနတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အမြဲတမ်း စောင့်ကြည့်နေတာ။ သူတို့က ချန်နယ်တွေအများကြီးနဲ့ ဝါဒဖြန့်နေတာ။ အခုနောက်ပိုင်းဆို လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ဝါဒဖြန့်တာတွေ ပိုများလာတယ်” ဟု ရခိုင်က သတင်းသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီလော်ဘီများသည် စစ်ကောင်စီတပ်စခန်းများအား ဆက်တိုက်သိမ်းပိုက်နေသော KIA ကိုလည်း ဝါဒဖြန့်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု BACS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။