- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
ရခိုင် - မကွေး နယ်စပ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို AA သိမ်းပိုက်
ရခိုင် - မကွေးနယ်စပ်ဖြစ်သည့် အမ်း - ပဒါန်းကားလမ်းအနီးရှိ စစ်ကောင်စီ၏ ကမြင်းကန်ဂိတ်စခန်းနှင့် ပွိုင့် (၁၁၄၅) စခန်းတို့ကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။
24 Jan 2025

DMG ၊ ဇန်နဝါရီ ၂၄
ရခိုင် - မကွေးနယ်စပ်ဖြစ်သည့် အမ်း - ပဒါန်းကားလမ်းအနီးရှိ စစ်ကောင်စီ၏ ကမြင်းကန်ဂိတ်စခန်းနှင့် ပွိုင့် (၁၁၄၅) စခန်းတို့ကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။
အဆိုပါစခန်းနှစ်ခုကို AA က ဇန်နဝါရီ ၁၁ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၁၀ ရက်ခန့်အကြာ ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမ်း - ပဒါန်းလမ်းပိုင်း၌ စစ်ကောင်စီ၏ နတ်ရေကန် တပ်စခန်းတစ်ခုသာကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကမြင်းကန်နဲ့ ပွိုင့်စခန်းကိုတော့ အေအေက သိမ်းထားပြီ။ ကျန်တာကတော့ နတ်ရေကန် စခန်းပဲ။ နတ်ရေကန် အနီးတစ်ဝိုက်မှာတော့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေတုန်းပါ” ဟု ၎င်းက ပြောသည်။
ကမြင်းကန်ဂိတ်စခန်းသည် ရခိုင် - မကွေးနယ်စပ်ကုန်းအနီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအား လုံခြုံရေးယူကာ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကောင်စီက အထိုင်ချထားသည့် ဗျူဟာစခန်းတစ်ခုဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် အမ်း - ပဒါန်းလမ်းပိုင်းတစ်လျှောက်ရှိ တပ်စခန်းများသို့ အင်အားဖြည့်တင်းမှုများရှိနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကို ကြုံတွေ့နေရသည်။
“စစ်တပ်(စစ်ကောင်စီ)ဖက်က စစ်ကားတွေ၊ ခြေလျင်တပ်တွေ ထပ်ပို့တာတွေ ရှိပေမယ့် ကြားဖြတ်အတိုက် ခံရတာတွေ အများကြီးပဲ။ ဒီလိုပို့ရင်းကနေ ကျန်တဲ့ စခန်းတွေ ထပ်ပြီး အသိမ်းခံနေရတာ” ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာအနီးတွင် ပဒါန်းဘက်မှ တက်လာသော စစ်ကောင်စီအင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား ၄ စီးကို PRA - Magway တပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ စစ်ကား ၁ စီး ပျက်စီးခဲ့ကြောင်း PRA-Magway က ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ရခိုင် - မကွေး၊ ရခိုင် - ပဲခူးနှင့် ရခိုင် - ဧရာဝတီ နယ်စပ်ဒေသတို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။