လေးလအတွင်း အရပ်သား ၇၀၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး ဒရုန်းအပါအဝင် အခြားပုံစံများဖြင့် ကျူးလွန်ခဲ့သည့် ဖြစ်စဉ် ၅၆ ခုရှိကာ အဖွဲ့အမည်ကို မသိရသေးသည့် ကျူးလွန်မှု ၄ ကြိမ်ရှိသည်။ 

By Admin 03 Oct 2024

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက် တွေ့ရစဉ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက် တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံတဝန်းတွင် ၂၀၂၄ ခုနှစ်၊ မေလမှ ဩဂုတ်လထိ လေးလအတွင်း လူ ၅ ဦးနှင့်အထက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၆၀ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား ၇၀၅ ဦး သေဆုံးခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး ဒရုန်းအပါအဝင် အခြားပုံစံများဖြင့် ကျူးလွန်ခဲ့သည့် ဖြစ်စဉ် ၅၆ ခုရှိကာ အဖွဲ့အမည်ကို မသိရသေးသည့် ကျူးလွန်မှု ၄ ကြိမ်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

လေးလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၆၄၃ ဦးရှိပြီး၊ ကျူးလွန်သည့်အဖွဲ့ကို မသိရသေးသည့် ဖြစ်စဉ် (၄) ခုတွင် အရပ်သားသေဆုံးသူ ၆၂ ဦး ရှိခဲ့သည်။ 

အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှုထဲ ရခိုင်ပြည် မောင်တောမြို့နယ်တွင် ၇၈ ဦး၊ စစ်တွေမြို့နယ်တွင် ၇၆ ဦး၊ သံတွဲမြို့နယ်တွင် ၅၆ ဦးနှင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ၅၅ ဦးဖြင့် အများဆုံး ဖြစ်သည်။ 

“လေးလအတွင်းမှာ လူပေါင်း ၇၀၀ ကျော် သေတယ်ဆိုတာက တော်တော်လေး တုန်လှုပ်စရာဖြစ်တယ်။ ဒါတွေက စစ်ရှုံးနေတဲ့ စစ်ကောင်စီက အရပ်ဖက်၊ စစ်ဘက် မခွဲခြားဘဲ အကုန်လုံးကို ရန်သူသဖွယ် သတ်မှတ်ပြီး တိုက်ခိုက်နေတာကြောင့် ဖြစ်တယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။ 

စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု၊ လူ့အခွင့်ရေးချိုးဖောက်နေမှုများကို ရပ်တန့်ရန် နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့များက အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုနေသော်လည်း ထူးခြားမှုမရှိသေးပေ။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများဖြစ်စဉ် ၂၄ ကြိမ်တွင် အရပ်သားသေဆုံးသူ ၂၇၁ ဦးရှိပြီး မန္တလေးတိုင်းတွင် ၆ ကြိမ်နှင့် ရခိုင်တွင် ၅ ကြိမ်မှာ အများဆုံးဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၈ ကြိမ်တွင် အရပ်သားသေဆုံးသူ ၁၅၅ ဦးရှိပြီး စစ်ကိုင်း ၄ ကြိမ်၊ ရခိုင် ၁ ကြိမ်၊ မန္တလေး ၁ ကြိမ်၊ ပဲခူး  ၁ ကြိမ် ရှိခဲ့သည်။ မေလ ၂၉ ရက်က စစ်တွေမြို့တွင် အရပ်သား ၇၆ ဦး သတ်ဖြတ်ခံရမှုသည် သေဆုံးသူအများဆုံး ဖြစ်စဉ် ဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့်လည်း အစုလိုက်အပြုံလိုက် သေဆုံးမှု ၁၄ ကြိမ်တွင် သေဆုံးသူ ၁၁၉ ဦး ရှိပြီး ရခိုင်တွင် ၆ ကြိမ်၊ ရှမ်းမြောက်တွင် ၃ ကြိမ်နှင့် အခြားတိုင်းနဲ့ ပြည်နယ်တို့တွင်လည်း သေဆုံးမှုများ ရှိခဲ့သည်။ 

ရခိုင်က တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက “အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့ ဥပဒေမဲ့ သတ်ဖြတ်နေမှုနဲ့ လူ့အခွင့်အရေးကျူးလွန်နေတာတွေက တစ်ရက်ထက်တစ်ရက် မြင့်တက်နေဆဲဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းကပဲ အရေးယူ ပိတ်ဆို့ဟန့်တားနိုင်မှာဖြစ်တယ်” ဟု ပြောသည်။ 

“စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံတွေကိုလည်း ဖိအားပေးဖို့ လိုအပ်တယ်။ ဒီလို မတားနိုင်ရင် မြန်မာပြည်သူတွေရဲ့ အသက်ဟာ စစ်ကောင်စီလက်ထဲမှာ တန်ဖိုးဆက်မဲ့နေအုံးမှာ” ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက ပုံစံမျိုးစုံ သတ်ဖြတ်မှုကြောင့် အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးမှု ၁၃ ကြိမ်ထက်မနည်းရှိခဲ့ပြီး သေဆုံးသူ ၁၄၀ ဦး အထိရှိခဲ့သည်။ 

ကျူးလွန်သည့်အဖွဲ့ကိုမသိရဘဲ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၄ ကြိမ်တွင် သေဆုံးသူ ၆၂ ဦးရှိခဲ့သည်။ ယင်းအထဲတွင် ရခိုင်ပြည်၊ မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းသို့ စစ်ဘေးရှောင်ချိန် စက်လှေကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မွတ်ဆလင် ၂၀ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် အနည်းဆုံး ၃၂၀ ကြိမ်ခန့်ရှိပြီး အရပ်သားသေဆုံးသူ ၃,၁၉၅ ဦးရှိကာ စစ်ကိုင်းနှင့် ရခိုင်တွင် သေဆုံးမှု အများဆုံးဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။