စစ်ကောင်စီ ဗုံးကြဲမှုကြောင့် တောင်ကုတ်တွင် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

" တိုက်ပွဲဖြစ်တာလည်း မရှိဘဲ သုံးခေါက်တောင် လာချတာပါ။ ဗုံးကတော့ လေးလုံးကြဲသွားတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်" ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။ 

By Admin 20 Oct 2024

အောက်တိုဘာ ၁၉ ရက်တွင် တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို လေကြောင်း ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ -ABN
အောက်တိုဘာ ၁၉ ရက်တွင် တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို လေကြောင်း ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ -ABN

DMG ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်)တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ချောင်းသုံးခွကျေးရွာကို လေကြောင်းဖြင့် ဗုံးသုံးကြိမ်ထိ ကြဲချခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

" တိုက်ပွဲဖြစ်တာလည်း မရှိဘဲ သုံးခေါက်တောင် လာချတာပါ။ ဗုံးကတော့ လေးလုံးကြဲသွားတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်" ဟု သူက ဆိုသည်။

ဒဏ်ရာသူများမှာ ဒေါ်မချစ်စု (၃၈) နှစ်နှင့် ဒေါ်ရီရီစိုး (၄၈)နှစ်တို့ဖြစ်ပြီး ဒေါ်မချစ်စုမှာ ဘယ်ဘက်လက်မောင်းရိုး ကျိုးထွက်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဒေါ်ရီရီစိုးမှာလည်း ဘယ်ဘက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားပြီး လက်ရှိတွင် ၎င်းတို့မှာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဗုံးကြဲခံရမှုကြောင့် ချောင်းသုံးခွကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ ဆွမ်းစားဆောင်နှင့် လူနေအိမ် အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။

" ကျမတို့မှာတော့ လေယာဉ်လာတိုင်း ကြောက်စိတ်တွေနဲ့ ထိလန့်နေရတယ်။ ဗုံးကြဲမလားဆိုတဲ့ အတွေးက လေယာဉ်သံကြားတိုင်း ဖြစ်နေရတယ် " ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။