ရခိုင်တွင် ယခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူ ၇၀ ကျော်ပြီ 

ရခိုင်ဒေသတွင် စစ်ရေးအရှိန်မြင့်တက်နေမှုနှင့်အတူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး/ငယ်များဖြင့် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် မေလ ၁ ရက်မှ ၁၅ ရက်အတွင်း သေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ဦးအထိရှိနေသည်။

By Admin 16 May 2024

မေလ ၁၅ ရက်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ကျောက်တော်ဒေသခံများ။ ဓာတ်ပုံ - AA Info Desk
မေလ ၁၅ ရက်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ကျောက်တော်ဒေသခံများ။ ဓာတ်ပုံ - AA Info Desk

DMG ၊ မေ ၁၆

ရခိုင်ဒေသတွင် စစ်ရေးအရှိန်မြင့်တက်နေမှုနှင့်အတူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး/ငယ်များဖြင့် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် မေလ ၁ ရက်မှ ၁၅ ရက်အတွင်း သေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ဦးအထိရှိကြောင်း DMG က ကောက်ယူထားသောစာရင်းအရ သိရသည်။

သေဆုံးသူများမှာ ဘူးသီးတောင်မြို့နယ်တွင် ၃ ဦး၊ အမ်းမြို့နယ်တွင် ၁ ဦး၊ ကျောက်တော်မြို့နယ်တွင် ၄ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၂ ဦးနှင့် မောင်တောမြို့နယ်တွင် ၆ ဦးနှင့် သံတွဲမြို့နယ်တွင် ၁၀ ဦးဖြစ်သည်။ 

ဒဏ်ရာရရှိမှုတွင် ဘူးသီးတောင် ၁၀ ဦး၊ အမ်း ၅ ဦး၊ ကျောက်တော် ၂၂ ဦး၊ ကျောက်ဖြူ ၃ ဦ၊ သံတွဲ ၄ ဦးနှင့် မောင်တော ၆ ဦးဖြစ်သည်။ (မှတ်ချက် - မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။) 
စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုထဲ ကျောက်တော်မြို့နယ်တွင် အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။  

“ကျောက်တော်မြို့ဟာ ပလက်ဝ - အိန္ဒိယနဲ့ဆက်နွယ်မှုရှိတယ်။ အိန္ဒိယဘက်က ကုန်တွေသယ်ယူလို့ရတဲ့အတွက် ရခိုင်တွေအသက်ရှူရှောင်ဖို့ ကျောက်တော်က အထောက်အကူအဖြစ်နေတယ်။ ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကျောက်တော်မြို့ကို စည်စည်ကားကား မဖြစ်စေချင်လို့ စစ်ကောင်စီက လေကြောင်းပစ်ခတ်ပြီး ပြည်သူတွေကို အကြောက်တရားသွတ်သွင်းနေတာ” ဟု ရခိုင်က စစ်ရေးနိုင်ငံရေးအကဲခတ်သူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ပြီးခဲ့သည့်ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၈၅ ဦးရှိခဲ့ပြီး ယခုမေလ ၁၅ ရက်အတွင်းမှာပင် အရပ်သားထိခိုက်သေဆုံးသူ ၇၆ အထိရှိနေသည်။ ထို့ကြောင့် ပြီးခဲ့သည့်လနှင့် နှိုင်းယဉ်ပါက ယခုလအတွင်း အရပ်သားထိခိုက်သေဆုံးနှုန်းမှာ နှစ်ဆကျော်ထိ မြင့်တက်နေသည်။ 

“ရခိုင်မှာ စစ်ကောင်စီက စစ်ရေးအရရှုံးနိမ့်မှုများနေတယ်။ ကျန်ရှိနေတဲ့ တပ်စခန်းတွေမကျရှုံးရေးက မြေပြင်တပ်ဖွဲ့လောက်နဲ့ အဆင်ပြေတော့ဘူး။ ဒါကြောင့် လေကြောင်းကို အဓိကအားထားလာတယ်။ လေကြောင်း အသုံးပြုတဲ့အခါမှာလည်း စစ်မြေပြင်အတွက်မဟုတ်ဘဲ သူတို့ရဲ့ဆုံးရှုံးမှုကို အငြိုးအတေးထားပြီး ပြည်သူတွေကို ထိခိုက်အောင်လုပ်နေတာ” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေအရ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ အရပ်ဖက်ဆိုင်ရာအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်နှင့် စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် ပြဌာန်းထားသည်။  

သို့သော်လည်း အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်တော်လှန်မှုများကို ကြုံတွေ့နေရပြီး လက်ရှိတွင်လည်း စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် စစ်ပွဲဆိုင်ရာဥပဒေကို လိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသည်။ 

“စစ်ကောင်စီကတော့ ရပ်တန့်တော့မှာ မဟုတ်ဘူး။ ဆက်ပြီးရူးမိုက်နေအုံးမယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုချင်တယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။ 

ရခိုင်စစ်ပွဲကာလ ၆ လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ်ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ဦးရေမှာ ၆၀၀ ကျော်အထိရှိလာပြီး နေအိမ်၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအရေအတွက် အများအပြားရှိနေသည်။